Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံခြားငွေ ဆက်တိုက်ထုတ်ရောင်းပြီး ဒေါ်လာဈေးထိန်းချုပ်ရန် ကြိုးပမ်း
DVB
·
November 22, 2024

နိုင်ငံခြားငွေကြေးရှားပါးနေတဲ့ စစ်ကောင်စီက နိုင်ငံခြားငွေတွေ ဆက်တိုက်ထုတ်ရောင်းနေပြီး ဒေါ်လာဈေးကို ကစားနေတာလို့ စီးပွားရေး သုတေသီတွေက သုံးသပ်ပါတယ်။ 

စစ်ကောင်စီက ၂၀၂၄ ခုနှစ်အစကနေ နိုဝင်ဘာ ၂၁ ရက်အထိကို နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံကျော် (၁,၅၅၈,၂၈၃,၃၆၈ )၊ ထိုင်းဘတ် ၄.၆ ဘီလျံ (၄,၆၀၄,၂၅၇,၄၉၈)နဲ့ တရုတ်ယွမ် ၁၆၂ သန်း (၁၆၂,၇၁၄,၆၅၄)  ထုတ်ရောင်းခဲ့ပါတယ်။ ၁၁ လအတာအတွင်း ၁၆၈ ကြိမ် ထုတ်ရောင်းခဲ့တာဖြစ်ပြီး အာဏာသိမ်း ၄ နှစ်တာမှာ ၂၀၂၄ ခုနှစ် ၁၁ လတာ ရောင်းချခဲ့မှုက အများဆုံး ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအလွဲတွေနဲ့ စစ်ကောင်စီက ဒေါ်လာတွေ ဆက်တိုက်ထုတ်ရောင်းနေတာဟာ နိုင်ငံခြား ငွေဈေးကွက်ကို ကစားနေတာလို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။

ဩဂုတ်လအတွင်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး တဒေါ်လာကို ကျပ် ၇၀၀၀ နီးပါးကနေ အခု ၄၅၀၀ ကျပ် ဝန်းကျင်ကို ပြန်လည်ကျဆင်းလာပေမဲ့ ဒါက စစ်ကောင်စီရဲ့ ဈေးကွက်ကို ထိန်းချုပ်နေတာကြောင့်သာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“သူတို့လိုချင်တဲ့ဈေးတခုကို ချဖို့ဆိုရင် သူတို့ peak တခုကို ဆွဲဆွဲတင်ရတယ်။ သူတို့က  ဒီအမြင့်ဆုံးဆိုတဲ့ ဂဏန်းတခုကို ဆွဲဆွဲတင်ပြီး သူတို့ပြန်ထိန်းလိုက်လို့ ပြန်ကျသလိုလိုနဲ့ ဂဏန်းလေးတွေကို ပြန်ချတာပေါ့၊ ဒါက ထုံးစံလို့ ဖြစ်နေပြီ။ ကျနော်ပြောသလိုပဲ ဒေါ်လာဈေး အခုပြန်ကျတယ်ဆိုတာက တက်ပြီးမှ ပြန်ကျတာ၊ အရင်ဈေးကိုပြန်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့ အခုကျတယ်ဆိုတာက ဥပမာ အခု ၄၅၀၀ ကိုကျတယ်၊ နောက်တခါတက်ပြီး ပြန်ကျရင် ၄၅၀၀ အောက်ကိုကျမှာမဟုတ်ဘူး။ ၄၅၀၀ အနည်းဆုံးတင်ပြီး ၅၀၀၀၊ ၅၅၀၀ ကို ပြန်တက်မှာ၊ ဒီအစိုးရလက်ထက် ဒီလုပ်ပုံ သူတို့ရဲ့စီမံခန့်ခွဲမှုအောက်မှာတော့ ဒီဈေးကို ဘယ်တော့မှ ပြန်ဆင်းမှာ မဟုတ်ဘူး ဒါကတော့ အမှန်တရားတခုပဲ။ သူတို့ဒေါ်လာ လိုငွေတွေ မဖြေရှင်းနိုင်သရွေ့ အဓိက ပင်မပြဿနာကို သူတို့ မကိုင်တွယ်နိုင်သရွေ့ကတော့ ဒေါ်လာဈေးပြန်ကျစရာမရှိဘူးဗျ။”

စစ်ကောင်စီက အာဏာသိမ်းတဲ့ ၂၀၂၁ ခုမှာ အမေရိကန်ဒေါ်လာ ၄၄၅.၈ သန်း၊ ၂၀၂၂ မှာ ၂၉၅ သန်း၊ ၂၀၂၃ မှာ ၇၄ သန်းသာရောင်းချခဲ့ပြီး အခုနှစ် ၂၀၂၄၊ ၁၁ လတာအတွင်းမှာပဲ ၁၅၅၈ သန်းကျော်ရောင်းချခဲ့တာပါ။ 

အခု နိုဝင်ဘာလအတွင်း ၂၁ ရက်အထိကို စစ်ကောင်စီက FX Market Online Trading Platform နေ အမေရိကန်ဒေါ်လာ ၅၉ သန်းကျော်၊ တရုတ်ယွမ် ၆ သန်းကျော်နဲ့ ထိုင်းဘတ် ၂၃၈ သန်းကျော်ကို ရောင်းချခဲ့ပါသေးတယ်။

အခုလို နိုင်ငံငွေကြေးတွေဆက်တိုက်ထုတ်ရောင်းနေတာက ဈေးကွက်လိုအပ်ချက်ထက်ပိုပြီး ရောင်းချနေတာဖြစ်လို့ သွင်းကုန် ကန့်သတ်ထားတဲ့ ပြည်တွင်းမှာ ဒေါ်လာ စီးဆင်းမှုမရှိဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ကျဆင်းသွားတာဟာ ဘာအကျိူးမှ မရှိကြောင်း စီးပွားရေးသုတေသီ တယောက်က သုံးသပ်ပါတယ်။ 

“လက်ရှိဒေါ်လာတွေကို စစ်ကောင်စီက တောက်လျှောက်ရောင်းချနေတာကြောင့် ဒေါ်လာဈေးတွေ ကျတယ်ဆိုတာ ယာယီပဲ။ သူတို့ တရားဝင်ဝက်ဆိုဒ်တွေမှာ ရောင်းချတာကို ကြည့်ချင်းအားဖြင့် ပြောရရင် ဈေးကွက်ထဲကို ဒေါ်လာတွေ ဇွတ်အတင်းထည့်နေတာပေါ့။ မူဝါဒတွေကြောင့် ဒေါ်လာက စီးဆင်းမှု မရှိတာကို ဒေါ်လာတွေဈေးကွက်ထဲမှာ ကျသွားတယ်လို့ ယူဆကောင်းယူဆနိုင်ပေမဲ့ တကယ်တမ်း import တွေ ဖွင့်လိုက်ရင် ပြန်တက်လာမှာ၊ အခုဒေါ်လာကိုင်ထားတဲ့သူတွေလည်း အခုချိန်မှာက ဘာအကျိုးမှ မရှိဘူး။”

နိုင်ငံခြားငွေရှားပါးတဲ့အတွက် ပို့ကုန်သွင်းကုန်မူဝါဒတွေ တင်းကျပ်ထားတဲ့ စစ်ကောင်စီကြောင့် ပြည်တွင်းမှာ ပို့ကုန်မရှိသလောက်ဖြစ်နေပြီး သွင်းကုန်တင်သွင်းတာတွေ ရပ်ဆိုင်းနေပေမဲ့ လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏကို ဒေါ်လာ သန်း ၁၀၀၀ လျာထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013