Home
ရုပ်သံ
စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံ ရောင်းချ
DVB
·
June 18, 2024

စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်‌တွေကို Online Trading Platform ကတဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးမယ်လို့ ဇွန် ၁၇ ရက်မှာ ကြေညာပါတယ်။

ဒါဟာ အခုဇွန်လအတွင်း ဗဟိုဘဏ်ကနေ ‌နိုင်ငံခြားငွေ ပထမအကြိမ် ရောင်းချပေးတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒီနိုင်ငံခြားငွေတွေ ရောင်းချပေးတဲ့ ငွေလဲနှုန်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ မနေ့က ဇွန် ၁၇ ရက်မှာ အမေရိကန်ဒေါ်လာ တဒေါ်လာကို ကျပ် ၃,၃၄၉ ကျပ် ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို Online Trading Platform ကနေတဆင့် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ တရုတ်ယွမ် ၁၇ ဒသမ ၅ သန်း ရောင်းချပေးခဲ့ပါတယ်။

ဒါပေမဲ့ မေလကုန်ပိုင်းမှာ ဒေါ်လာဈေး ၅,၀၀၀ နီးပါးထိ ထိုးတက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတွေကို ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်  ပြင်ပ‌ဈေးကွက်မှာ ဒေါ်လာဈေး ကျပ် ၄,၀၀၀ ဝန်းကျင်ထိ ပြန်ဆင်းခဲ့ပြီး‌ အခုအခါ တစတစ ပြန်မြင့်တက်လာပါတယ်။

ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတဦးက “အပြင်ပေါက်ဈေးက အခု နည်းနည်းချင်း ပြန်တက်နေတယ်။ မေလကုန်ပိုင်းလောက်က ၅,၀၀၀ နီးပါး‌ထိ တက်သွားပြီးတော့ အဖမ်းအဆီးတွေဖြစ်ပြီး ၄,၀၀၀ ‌ဝန်းကျင်လောက်ထိ ပြန်ကျသွားတယ်။ အခုက နည်းနည်းချင်း ပြန်တက်လာတာ” လို့ ပြောပါတယ်။

လက်ရှိ ပြင်ပဈေးကွက်မှာ အမေရိကန်တဒေါ်လာကို ၄,၄၅၀ ထိ ပြန်လည် မြင့်တက်နေတယ်လို့ ငွေကြေးဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ လူမှုကွန်ရက်နဲ့ ဝက်ဘ်ဆိုက်တွေက ဒေါ်လာဈေးတွေကို မယုံကြည်ဘဲ AD လိုင်စင်ရဘဏ်တွေက ထုတ်ပြန်တဲ့ ငွေလဲနှုန်းကိုသာ ယုံကြည်ဖို့ တိုက်တွန်းထားပြီး ဈေးကစားသူတွေကို ငွေကြေးဆိုင်ရာဥပဒေတွေအပြင် အများပြည်သူ အကျိုးထိခိုက်စေမှုနဲ့ ရာဇသတ်ကြီး ဥပဒေနဲ့ပါ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013