အိန္ဒိယနိုင်ငံ၊ နယူးဒေလီတမြို့လုံး မြူတွေဆိုင်းပြီး လေထုညစ်ညမ်းနေတာကြောင့် ဒေလီအစိုးရက အလုပ်သမားတဝက်ကို နိုဝင်ဘာ ၂၀ ရက်ကစပြီး အိမ်ကနေ အလုပ်လုပ်ခွင့် သတ်မှတ်ပေးခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဒီတပတ်အစ ဒေလီမြို့ရဲ့ လေထုအရည်အသွေးက တိုးတက်လာပေမဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုအရည်အသွေး စစ်ဆေးချက် အညွှန်းကိန်း ၅၀၀ မှာ ၄၂၀ အထက်ကို ရောက်နေတာ တွေ့ရတယ်လို့ ဗဟိုလေထုထိန်းချုပ်ရေး ဘုတ်အဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်မှာ ဒေလီရဲ့ AQI အဆင့်သတ်မှတ်ချက်က ၄၉၁ အထိ မြင့်တက်ခဲ့တာကြောင့် အစိုးရက ယာဉ်အသွားအလာတွေ၊ ဆောက်လုပ်ရေးတွေကို ကန့်သတ်မှု စတင်ပြုလုပ်ခဲ့ပါတယ်။
လေထုသန့်စင်မှုစစ်ဆေးချက် AQI အရ ၀ ကနေ ၅၀ အထိ လေထုသန့်စင်ပြီး ၄၀၁ အထက်က ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုဖြစ်ကြောင်း ဗဟိုလေထုထိန်းချုပ်ရေး ဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒေလီမြို့မှာ လေထုညစ်ညမ်းမှုကို အစိုးရက မထိန်းချုပ်နိုင်တာကြောင့် နှစ်စဉ် အရွယ်မရောက်သေးတဲ့ ကလေးထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို အဓိက ထိခိုက်မှု ဖြစ်စေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဒေလီရဲ့ လေထုညစ်ညမ်းမှုဟာ နေ့စဉ် အမြင့်ဆုံး အခြေအနေကို ရောက်နေတယ်လို့ ဖော်ပြပြီး တနင်္လာနေ့က ကျောင်းတွေ စတင်ပိတ်ခဲ့ပါတယ်။
ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုတွေဟာ အဆုတ်ကို ဒုက္ခပေးနိုင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တယ်လို့ လေထုစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
Source : Reuters