လွန်ခဲ့တဲ့ ၁၀ နှစ်က ကချင်ပြည်နယ်၊ လိုင်ဇာမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ဗိုလ်လောင်း ၂၃ ယောက်အတွက် ဝမ်းနည်း အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
လိုင်ဇာမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေတဲ့ အာရက္ခတပ်တော် (AA) ရဲ့ ဗိုလ်လောင်း ၈ ယောက် အပါအဝင် တခြား တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတချို့က ဗိုလ်လောင်း ၂၃ ယောက်ဟာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတာ ၁၀ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။
၂၀၁၄ ခု နိုဝင်ဘာ ၁၉ ရက်မှာ စစ်တပ်က KIA ရဲ့ ဝေကြိုင်ဘွမ်၊ သင်းတန်းကျောင်းကို လက်နက်ကြီးနဲ့ အလစ်ငိုက်ပစ်ခတ်ခဲ့တာကြောင့် အာရက္ခတပ်တော်ရဲ့ ဗိုလ်လောင်း ၈ ယောက်၊ တအာင်းတပ်(TNLA) က ဗိုလ်လောင်း ၁၁ ယောက်၊ ကျောင်းသားတပ်မတော်(ABSDF) ဗိုလ်လောင်း ၂ ယောက်နဲ့ ချင်းအမျိုးသား တပ်ဦး (CNA/CNF) က ဗိုလ်လောင်း ၂ ယောက် စုစုပေါင်း ဗိုလ်လောင်း ၂၃ ယောက် ကျဆုံးခဲ့ရတာပါ။
အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တိုင်းမှာ အဆိုပါ ကျဆုံးသွားတဲ့ ဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားတွေကို စစ်ရေး၊ နိုင်ငံရေး အခြေအနေမူတည်ပြီး ဗိုလ်လောင်းတွေလဲလျောင်းတဲ့ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေတွေ ချပြီးတော့ ဂါရဝပြုတာ၊ တပ်စခန်းတွေမှာ အောင်လံတဝက်လွှင့်တာတွေကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ၁၀ ပြည့်တဲ့ နေ့မှာလည်း စစ်ရေးအခြေအနေတွေအရ ကျဆုံးသွားတဲ့ ဗိုလ်လောင်းတွေအတွက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် အကျဉ်းချုပ်သာ ပြုလုပ်နိုင်ခဲ့ပြီး အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်သလို အဲဒီ ဗိုလ်လောင်းတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်မှုတွေကိုလည်း အမြဲတမ်း သတိရနေမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ အလစ်ငိုက်တိုက်ခိုက်တာကို ခံခဲ့ရပြီး ဗိုလ်လောင်းတွေ ဆုံးရှုံးခဲ့ရတဲ့ အာရက္ခတပ်တော်၊ တအာင်းတပ်၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ ချင်းအမျိုးသား တပ်ဦး(CNF) တို့ဟာ လက်ရှိမှာ စစ်ကောင်စီကို အပြင်းအထန် တော်လှန်နေကြတဲ့ လက်နက်ကိုင်တပ်တွေလည်း ဖြစ်ကြပါတယ်။