ထိုင်းမြောက်ပိုင်း၊ ခွန်ကဲင်ခရိုင်၊ ချုမ်းဖဲမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်ညက တန်ဆောင်တိုင် မီးဖောင်မျှောပွဲ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကျင်းပစဉ် အသံချဲ့စက် ဆောင်းဘောက်စ်ကြီး ပြုတ်ကျလာတဲ့အတွက် ကချေသည်နဲ့ ပွဲကြည့်သူ ၅ ယောက် ဒဏ်ရာရသွားတယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီခွဲလောက်က အမျိုးသမီးတေးသံရှင် မိုင်ဖတ်ချရီ ဖျော်ဖြေနေစဉ် လေပြင်းတိုက်ခတ်လာပြီး ပွဲကြည့်စင် ညာဘက်က ဆောင်းဘောက်စ်တိုင် ယိုင်လဲသွားကာ ဆောင်းဘောက်စ်ကြီးလည်း ပြုတ်ကျလာတယ်၊ စင်အောက်မှာ မိမိဖျော်ဖြေဖို့ အလှည့်ကို စောင့်ဆိုင်းနေတဲ့ ကချေသည်တွေနဲ့ ပွဲကြည့်သူတချို့ပေါ်ပြိုကျလာတာလို့ ချုမ်းဖဲနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ပြောပါတယ်။
ဆောင်းဘောက် ပြိုကျမှုကြောင့် အမျိုးသား ၁ ယောက် ၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၁ ယောက် စုစုပေါင်း ၅ ယောက် တချို့က ခေါင်းကွဲ၊ တချို့က လက်ကျိုး ဒဏ်ရာရသွားပြီး ချုမ်းဖဲဆေးရုံသို့ ပို့ဆောင်လိုက်တယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
အဆိုတော် မိုင်ဖတ်ချရီက သူ ဖျော်ဖြေနေစဉ် ခုလိုဖြစ်ရလို့ စိတ်မကောင်းဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံမှာ သွားရောက်အားပေးကာ ဆေးကုသခ ကုန်ကျစရိတ်အားလုံး တာဝန်ယူမယ်လို့ ပြောသွားပါတယ်။
Source: Matichon