Home
မြန်မာသတင်း
မလေးရှားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာလူငယ် ၁ ဦး ၈ ထပ်အမြင့်မှ ပြုတ်ကျ သေဆုံး
DVB
·
October 23, 2024
Photo-malaymail

မလေးရှားနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုထဲမှာ မြန်မာလူငယ် အလုပ်သမား တယောက်ဟာ ဂွန်ဒိုလာတစီးပေါ်ကနေ ၈ ထပ်မြောက်အထပ်ကို ခုန်ကူးချိန်မှာ ပြုတ်ကျသေဆုံးခဲ့တဲ့အကြောင်း မလေးရှားသတင်းအေဂျင်စီ Bernama သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘရန်လီပက်စ်ဒေသအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အောက်တိုဘာ ၂၁ ရက် မနက်က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပီနန်မြို့ လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ကျန်းမာရေးဌာန (DOSH) က အခင်းဖြစ်ပွားချိန် မနက် ၈ နာရီခွဲလောက်မှာ အသက် ၂၆ နှစ်အရွယ် အဆိုပါ မြန်မာအမျိုးသားဟာ ပလာစတာ ဆေးသုတ်လုပ်ငန်းတွေ ဆောင်ရွက်နေချိန်ဖြစ်တယ်လို့ ပြောပါတယ်။

“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးသူဟာ ဂွန်ဒိုလာပေါ်ကနေ ၈ ထပ်မြောက်အခန်း ပြတင်းပေါက်ဆီ ကူးဖို့ ကြိုးစားချိန်မှာ မတော်တဆ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။”

အဆိုပါ မြန်မာလူငယ်ဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အထပ်မြင့်လုပ်ငန်းအတွက် ဂွန်ဒိုလာ အသုံးပြုမှုကို ရပ်တန့်ဖို့ DOSH က သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ မြန်မာလူငယ် အလုပ်သမားရဲ့ နာမည်နဲ့ အချက်အလက် အသေးစိတ်ကိုတော့ သတင်းမှာ မဖော်ပြထားသလို DVB အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Source: Bernama

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024