ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ လက်ပံကျေးရွာမှာ စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တယောက်ကို ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီး ရဲလက်အပ်ခဲ့ရာမှာ ဒီနေ့အထိ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်က စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ အသက် ၂၄ နှစ်အရွယ် ကိုချစ်ဆန်းမောင်ကို စစ်မှုမထမ်းချင်တာ ထွက်ပြေးတယ်လို့ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီး ရဲလက်အပ်ခဲ့ရာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်အထိ သတင်းအစအနမရ ပျောက်နေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “လိုက်လံဖမ်းဆီးကြပြီး ရိုက်နှက်ပြီးတော့ ချစ်ဆန်းမောင်ကို ရဲလက်အပ်တာ။ ဖျာပုံမြို့နယ်၊ ကျုံကဒွန်ရဲစခန်းက စခန်းမှူး မျိုးဇော်က ခေါ်ဆောင်သွားတာလို့ သိရတယ်။ ဒီနေ့ ဒီအချိန်အထိ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကိုချစ်ဆန်းမောင်က သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေတာ။ အခုအထိ သေလားရှင်လား မသိရသေးဘူး။ ဘယ်ပို့လိုက်မှန်းမသိဘူး ခေါ်သွားတာ” လို့ ပြောပါတယ်။
စစ်မှုမထမ်းချင်လို့ ထွက်ပြေးတယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က စွပ်စွဲဖမ်းဆီးကာ ရဲလက်အပ်ခံရတဲ့ ကိုချစ်ဆန်းမောင်ဟာ ဖမ်းခံရတဲ့နေ့က ရိုက်နှက်ခံရတာကြောင့် သွားတွေကျိုးတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကိုချစ်ဆန်းမောင် အပါအဝင် လူငယ်တွေကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဖြစ်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင်မောင်သန်း၊ ဆယ်အိမ်မှူး ဇော်ထွေးနဲ့ မြင့်ဌေးအောင်တို့က မဲနှိုက်ပေးခဲ့ကြတာဖြစ်ပြီး လူငယ်တွေက ကိုယ်တိုင်မဲနှိုက်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။