တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဖမ်းဆီးထားတဲ့ NLD ပါတီ နမ္မတူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ကျန်းမာရေးချို့ယွင်းနေပေမဲ့ ဆေးဝါးကုသခွင့်မရဘူးလို့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် (ခ) ဦးမဲတူကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့မှာ TNLA က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေး ချို့ယွင်းနေတာပါ။
သူနဲ့ နီးစပ်သူတယောက်က “TNLA က NLD အမတ် ဦးမဲတူကို ဖမ်းထားတာ ၂ လကျော်ပြီ။ ၁၅ ရက် တခါပဲ ရေချိုး၊ သွားတိုက်၊ မျက်နှာသစ်ရတယ်။ အခု ဦးမဲတူက ဖျားနေတယ်။ အစာအိမ်ကြောင့် အစာမစားနိုင်ဘူး။ မိသားစုဝင်တွေက ဆန်ပြုတ်ပို့နေရတယ်။ ဆေးကုသခွင့်တောင်းတယ် မပေးဘူး။ ဆရာဝန်လည်း ခေါ်မပေးဘူး” လို့ ပြောပါတယ်။
ဦးဝင်းလှိုင်ကို TNLA က ဖမ်းဆီးထားတာ ၂ လခွဲကြာရှိနေပြီး ဒီကာလအတွင်း မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ၃ ပတ်မှာတခါ တွေ့ခွင့်ပြုပြီး ကျန်တဲ့ ဆွေမျိုး၊ မိတ်ဆွေနဲ့ အပြင်လူကိုတော့ တွေ့ခွင့်မပေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
နီးစပ်သူတယောက်က “ဦးမဲတူရဲ့ မိသားစုက တောင်းဆိုလို့ ၃ ပတ် တခါတော့ တွေ့ရတယ်။ တွေ့ခွင့်ရတယ်ဆိုပေမဲ့ စကားတော့ လွတ်လွတ်လပ်လပ် ပြောလို့မရဘူး။ အစောင့်ရှိတယ်။ ကျန်တဲ့အပြင်လူကိုတော့ ပေးမတွေ့ဘူး” လို့ ပြောပါတယ်။
ဒါနဲပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူရုံးကို DVB က စာပေးပို့မေးမြန်းထားပြီး အကြောင်းပြန် ဖြေဆိုတာတော့ မရှိသေးပါဘူး။
ဦးဝင်းလှိုင်ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။
ဦးဝင်းလှိုင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဒေသခံပြည်သူ အယောက် ၄၃၀ က လက်မှတ်ရေးထိုးပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အောက်တိုဘာ ၃၁ ရက်နေ့က တင်ပြတောင်းဆိုခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။