Home
မြန်မာသတင်း
နတ်မြစ်အတွင်း ဖမ်းဆီးခံ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ဦးအနက် ၁ ဦးအလောင်း ပြန်တွေ့
DVB
·
November 18, 2024

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ် ကော့ဘဇားခရိုင်၊  နတ်မြစ်အတွင်း ငါးဖမ်းနေစဉ် ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ ငါးဖမ်းသမား ၅ ယောက်ထဲက တယောက်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ BD News 24 သတင်းဌာနမှာ ဖော်ပြပါတယ်။

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဆိုင်ဒူလ်ဘာရှား ဖြစ်ပြီး စနေနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ကော့ဘဇားခရိုင် အိုကီးယားမြို့နယ်က ဖလောင်ခါလီတိုက်နယ် ဥက္ကဋ္ဌ ဂါဖာအူဒင်ချောင်ဒရီက ပြောပါတယ်။

အိုကီးယားမြို့နယ် အုပ်ချုပ်ရေးတာဝန်ခံ ဂျာရင်တတ်စ်နင်မ်တာဆင်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅ ဦး ငါးဖမ်းနေရင်း လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီထဲက တယောက်က သေဆုံးနေတာကို တွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။

ကျန် ပျောက်ဆုံးနေတဲ့ ငါးဖမ်းသမား ၄ ယောက်ကို ကယ်ဆယ်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ တခြားသက်ဆိုင်တဲ့ အာဏာပိုင်တွေကို အကြောင်းကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့လည်း ကျန်ပျောက်ဆုံးနေတဲ့သူတွေတွေကို လက်ရှိအချိန်ထိ ခြေရာခံလို့ မရသေးဘူးလို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေမှာ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်အတွင်း နတ်မြစ်ကိုဖြတ်ပြီး သွားလာနေတဲ့ သင်္ဘော ၂ စင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကလည်း “၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်အတွင်း နတ်မြစ်ကို ဖြတ်ကျော်ပြီး စိန့်မာတင်ကျွန်းကို မောင်းနှင်သွားလာနေတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောနှစ်စင်းနဲ့အတူ သင်္ဘောပေါ် ပါရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို အာရက္ခတပ်တော်က ဖမ်းဆီးခဲ့တယ်ဆိုပြီး စွပ်စွဲရေးသား ဖော်ပြထားတဲ့ သတင်းဟာ သတင်းမှားဖြစ်ပြီး အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားတာ မရှိဘူး” လို့ ငြင်းဆိုထားပါတယ်။

သေဆုံးသူ ရုပ်အလောင်းကို ကော့စ်ဘဇားဆာဒါဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024