Home
သတင်းဓာတ်ပုံ
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း ၁ လပြည့် အောက်မေ့ဖွယ်အခမ်းအနား အမေရိကန်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
November 18, 2024
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB

မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း  တလပြည့် ဆွမ်းကျွေးနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၇ ရက်က အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပါတယ်။ 

အခမ်းအနားကို ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NLD ပါတီဝင်တွေနဲ့ အမေရိကန်နိုင်ငံရောက် မြန်မာတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ သားလတ် ဒေါက်တာရွှေဖြိုးဟန်က "အဖေ့အတွက် ပူဆွေးသောကရောက်နေရမဲ့ အစား အဖေဖောက်ခဲ့တဲ့လမ်း၊ အဖေသွားခဲ့တဲ့လမ်းမှာ ကျနော်တို့ ပန်းတိုင်ကို မရောက်သေးပါဘူး။ ကျနော်တို့ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် အခု ကျနော်တို့မျိုးဆက်သစ်တွေ လျှောက်ခဲ့တဲ့လမ်းမှာ လူထုအားလုံးက အင်တိုက်အားတိုက် ပါဝင်ပြီးတော့ ကျနော်တို့ ရောက်ချင်တဲ့ ပန်းတိုင်ကို သွားကြဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မိသားစုတစုလုံးတင် မဟုတ်ပါဘူး၊ ကျနော်တို့ပြည်သူတွေ၊ ဆုံးရှုံးသွားတဲ့လူတွေတင် မဟုတ်ပါဘူး။ တပြည်လုံးမှာ အကုန်လုံးခံစားနေရတာပါ။ ကျနော်တို့ ဒီခံစားရတာတွေအားလုံး ပြေပျောက်ဖို့အတွက် ဖြေဆေးကတော့ ပန်းတိုင်ကို အရောက်သွားဖို့ပါ။ ပန်းတိုင်ကို ရောက်ဖို့အတွက် ဖြစ်တဲ့နည်းနဲ့ ဘက်စုံထောင့်စုံအားလုံးကနေပြီးတော့ ဝိုင်းဝန်းပံ့ပိုးကူညီကြပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ သားကြီး ဒေါက်တာဉာဏ်ဝေဖြိုးက "မြန်မာပြည်သူပြည်သားတွေ ဖေဖေ့ရဲ့ စံနမူနာကောင်းတွေ ယူပြီးတော့ သူ့လိုပဲ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးရှိမယ့်ဟာတွေကို လုပ်ပေးကြပါ။ ကျနော်တို့မိသားစုတွေကတော့ အဖေ့အတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးခဲ့ကြပါတယ်ခင်ဗျ။ အဖေ့လို နိုင်ငံသားကောင်းတွေဖြစ်အောင် ကြိုးစားကြပါ။ တိုင်းပြည်နဲ့လူမျိုးကို စဉ်းစားကြပါ။ ကျနော်တို့လည်း တိုင်းပြည်နဲ့ လူမျိုး အကျိုးကို အကောင်းဆုံးသယ်ပိုးဖို့ ဆုံးဖြတ်ချက်ချထားပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါခံစားနေရသူ ဖြစ်ပြီး စစ်ကောင်စီက အိုးဘိုအကျဉ်းထောင်တွင်း သူ့ကို ထိန်းသိမ်းထားတုန်းမှာ ကောင်းမွန်တဲ့ ဆေးဝါးကုသခွင့်တွေမပေးခဲ့လို့  အောက်တိုဘာ ၇ ရက်က မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ 

ရောဂါအခြေအနေ ဆိုးရွားချိန်ရောက်မှ ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်ထဲကနေ ပြင်ပဆေးရုံကို ပြောင်းရွှေ့ခွင့်ရခဲ့ပြီး မကွယ်လွန်ခင်နာရီပိုင်းအလိုကျမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း စစ်ကောင်စီက ကြေညာချက် လာရောက်ဖတ်ပြခဲ့တာပါ။

မန္တလေးမြို့သူ ဒေါ်ခင်အေးမြင့်က "ဆရာဇော်ကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက် မသေသင့်ဘဲ သေရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တယ်။ မန္တလေးမြို့သူမြို့သားတွေရဲ့ ဆုံးရှုံးမှု၊ NLD အဖွဲ့ချုပ် အဖွဲ့ဝင် အဖွဲ့သားတွေရဲ့ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးမှုလို့ မြင်ပါတယ်”လို့ ပြောပါတယ်။

ဝန်ကြီးချုပ်တယောက်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတာဖြစ်ပေမဲ့ နိုင်ငံတော်အဆင့်ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်ခွင့် မရခဲ့သလို နာရေးကြောင့် မန္တလေးမြို့ပေါ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ကျန်ရစ်တဲ့မိသားစုတွေကို စစ်ကောင်စီက ဖိအားပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ဇနီး ဒေါက်တာယုယုမေက "ကိုယ်ကဝမ်းနည်းပူဆွေးနေတဲ့စိတ်တွေက လွင့်ပါးသွားပြီးတဲ့အခါမှာ ကိုယ့်စိတ်ထဲမှာပေါ့နော် ဦးဇော်လုပ်ဆောင်ထားတဲ့လုပ်ငန်းဟာ အောင်မြင်ပါလားလို့ သိပြီးတော့ ဝမ်းသာသလိုတောင်ဖြစ်မိပါတယ်။ သူကဘာလုပ်ခဲ့လဲဆိုတော့ သူတိုင်းပြည်အတွက် လုပ်တာဟာ တဦးကောင်း တယောက်ကောင်းနဲ့ လုပ်လို့ရတာမဟုတ်ဘူး၊ အားလုံးစုပေါင်းပြီးလုပ်မှ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်၊ တော်လှန်ရေး အောင်မြင်မယ်ဆိုတဲ့ အသိစိတ်ဓာတ်ကို သူက သွင်းပေးချင်တာပဲ ဖြစ်တယ်။"

ဒေါက်တာဇော်မြင့်မောင် သမီးငယ် ဒေါက်တာစုဝေပုံက "မေမေ ဖြစ်ချင်တဲ့ဒီ တလပြည့်ဆွမ်းလေးကို အကုန်လုံး စုစုဝန်းဝန်းနဲ့ မြန်မာအသိုက်အဝန်းက ဒီလိုမျိုး ကြွရောက် ချီးမြှင့်ပေးတဲ့အတွက် မိသားစုကိုယ်စားရော ကျမအနေနဲ့ရော၊ ရင်ထဲကနေ အကုန်လုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ရှင်”လို့ ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီကအမှု ၉ မှုနဲ့ တရားစွဲခဲ့ပြီး ထောင်ဒဏ် ၂၉ နှစ်အထိချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ယုယုမေ၊  သားသမီး ၃ ယောက်နဲ့ မြေးတွေ ကျန်ရစ်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တွေမှာလည်း သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ အကြိမ်ကြိမ် ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်း ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအားလုံးမှာ NLD ကိုယ်စားပြုပြီး ဒေသခံပြည်သူတွေရဲ့ထောက်ခံမှုနဲ့ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013