ကမ္ဘာ့ရှေးဟောင်းအမွေနှစ်ဒေသဖြစ်တဲ့ ပုဂံမှာ ခရီးသည်တွေအလာနည်းလို့ မြင်းလှည်းသမားတွေ ဝင်ငွေ ထိခိုက်ပြီး စားဝတ်နေရေး ကျပ်တည်းလာပါတယ်။
ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့ စည်ကားခဲ့တဲ့ ပုဂံဒေသဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခရီးသွားတွေပုံမှန် လာရောက်တာ မရှိတော့ပါဘူး။ ဒါကြောင့် ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ မြင်းလှည်းပို့ဆောင်ရေး အပါအဝင် လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းလုနီးပါးဖြစ်နေပါတယ်။
သဗ္ဗညုဘုရားအရှေ့ဘက်က မြင်းလှည်းဂိတ်မှာ မြင်းလှည်းစီးရေ ၆၀ ရှိပြီး အလှည့်ကျထွက်နိုင်ဖို့ မဲနှိုက် ရွေးချယ်ထားရပါတယ်။ ခရီးသွားနည်းပါးတဲ့အတွက် တနေ့ကို မြင်းလှည်းအစီးရေ အကုန်ထွက်နိုင်တာ မရှိဘဲ တနေကုန် ဈေးဦးမပေါက်တဲ့ မြင်းလှည်းတွေရှိနေတယ်လို့ ပုဂံမြို့ဟောင်းရှိ မြင်းလှည်းဂိတ်မှူးတယောက်က ပြောပါတယ်။
“ကျနော်တို့ ဒီမှာ ခရီးသွားက မြန်မာပဲ၊ အခါကြီးရက်ကြီးကပိုထွက်တယ်။ ကျန်တဲ့ရက်က မထွက်ရဘူး။ တစီးထွက်လိုက်၊ နှစ်စီးထွက်လိုက်။ ဒီမှာ မဲနှိုက်တဲ့လှည်းတွေက ၅၀ ကျော်၊ ၆၀ လောက်ရှိပေမဲ့ နှစ်စီးထွက်ရတာလည်းရှိတယ်၊ ဆယ်စီးထွက်ရတာလည်းရှိတယ်၊ မှန်တော့မမှန်ဘူး။”
မြင်းလှည်းငှားခတွေက တနာရီကို ကျပ် နှစ်သောင်းသတ်မှတ်ထားပြီး မြင်းလှည်းတွေက စက်သုံးဆီအသုံးပြုစရာမလိုပေမဲ့ ဈေးဦးမပေါက်တဲ့ မြင်းလှည်းသမားတွေကတော့ မြင်းစာအခက်အခဲနဲ့လည်း ကြုံရပါတယ်။ မြင်းစာအတွက် တနေ့ကို ကျပ်ငါးထောင်အထိ ကုန်ကျစရိတ်ရှိပြီး ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေ ဈေးတက်လာတာနဲ့အတူ မြင်းစာအခက်အခဲရှိလာတယ်လို့ မြင်းလှည်းမောင်းသူတယောက်က ပြောပါတယ်။
“မြင်းစာက ကောက်ရိုးဖွဲ၊ မြေစာ၊ အဲ့ဒါက ဖွဲဆိုရင် အရင်တုန်းက တသောင်းခွဲရှိရင် အခုက သုံး သောင်းဖြစ်သွားပြီ။ သုံးသောင်းသာသာပေါ့။ ဖွဲတပြည်ကို ၈ ပုံးပါရင် အခု ၄ ပုံးကျော်ကျော်ပဲ ပါတော့တယ်။ အခုက ထက်ဝက်ကွာသွားပြီ။ မိုးမရွာတော့ ရှာရခက်တာပေါ့၊ ရေကလည်းတက်တော့။ အရင်ဆို ဟိုဘက်ကမ်းသွားရိတ်တာ၊ အခုကျတော့ ဒီမှာ မိုးလေးကျတော့ မြက်ကလေးတွေ ရိတ်ကျွေးရတာပေါ့။”
ခရီးသွားတွေ နည်းသွားတဲ့အတွက် ပုဂံမြို့ဟောင်းတဝိုက်မှာ ပြေးဆွဲနေတဲ့ မြင်းလှည်း အစီးရေ ထက်ဝက်အထိ ကျဆင်းသွားပြီး လက်ရှိပြေးဆွဲနေဆဲ လှည်းတွေမှာလည်း အလှည့်ကျ ပုံမှန်မထွက်နိုင်တဲ့အထိ ခက်ခဲနေကြပါတယ်။
စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပြည်တွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေဟာလည်း လုံခြုံရေးအခြေအနေ စိုးရိမ်တဲ့အတွက် ပုဂံဒေသအပါအဝင် မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ်မှု မရှိသလောက် နည်းပါးသွားတာပါ။
လက်ရှိမှာ ပုဂံဒေသက ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေသူတွေဟာ အားလပ်ရက်၊ ရုံးပိတ်ရက်ရှည်တွေနဲ့ အခါကြီးရက်ကြီးအချိန်တွေမှာသာ လာရောက်လည်ပတ်တတ်ကြတဲ့ ပြည်တွင်းခရီးသွားတွေကိုသာ အားကိုးနေကြရပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက်က ပြည်ပခရီးသွားဝင်ရောက်တာ ၂၀၁၉ မှာ ၄ သန်းကျော်အထိ ရှိပေမယ့် စစ်ကောင်စီလက်ထက် ခရီးသွားဝင်ရောက်မှု အမြင့်ဆုံးအနေနဲ့ ၂၀၂၃ မှာ ၁ သန်းကျော်ရှိပါတယ်။
စစ်ကောင်စီကတော့ ပုဂံကို သွားရောက်လည်ပတ်သင့်တဲ့နေရာလို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ထားပေမဲ့ ပြည်ပခရီးသွားတွေ ပုံမှန်လာရောက်နိုင်တာမရှိဘဲ ကမ္ဘာ့အမွေနှစ်ဒေသဟာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။