သိရိလင်္ကာနိုင်ငံမှာ နိုဝင်ဘာ ၁၄ ရက် မနေ့က ကျင်းပပြီးစီးသွားတဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဒစ္စာနာယာခေရဲ့ ညွန့်ပေါင်းအဖွဲ့က အနိုင်ရသွားပါတယ်။
သမ္မတ ဒစ္စာနာယာခေဟာ စက်တင်ဘာလ ရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရခဲ့ပြီးနောက် အခု လွှတ်တော်ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သမ္မတဒစ္စာနာယာခေက “သီရိလင်္ကာအတွက် အလှည့်အပြောင်း ဖြစ်စေတဲ့အထိ အရေးပါလို့ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ပါလီမန်မှာ ကျနော်တို့ လုပ်ပိုင်ခွင့်အာဏာ အပြည့်ရဖို့ မျှော်လင့်ပါတယ်။ ပြည်သူတွေကလည်း လုပ်ပိုင်ခွင့် အပြည့်အဝပေးမယ်လို့ မျှော်လင့်ပါတယ်။ သီရိလင်္ကာမှာ နိုင်ငံရေးပြောင်းလဲမှုက စက်တင်ဘာလကတည်းက ဖြစ်ပြီး ဒီအတိုင်း ရှေ့ဆက်ရမှာပါ” လို့ ပြောပါတယ်။
လက်ဝဲဝါဒီတွေဟာ ဆင်းရဲမှုပပျောက်ရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ကျဆင်းခဲ့တဲ့နေရာမှာ လာဘ်စားမှုတွေ တိုက်ဖျက်မယ်လို့ မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။
ဒစ္စာနာယာခေရဲ့ မတ်ခ်ဝါဒီယိမ်းတဲ့ NPP ပါတီဟာ ရွေးကောက်ပွဲမတိုင်မီ ပါလီမန်အမတ် ၂၂၅ နေရာအနက် ၃ နေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့ ရွေးကောက်ပွဲမှာ ၆ ဒသမ ၈ သန်း မဲပေးခဲ့ပြီး NPP က အမတ် ၁၀၇ နေရာ ရခဲ့ပြီး မဲ ၆၂ ရာခိုင်နှုန်း ရခဲ့တာဖြစ်ပါတယ်။
မဲဆန္ဒနယ် ၂၂ ခုက ပါလီမန်အမတ် ၁၉၆ ယောက်ကို တိုက်ရိုက်ရွေးချယ်တာဖြစ်ပြီး ၂၉ နေရာအတွက် ကျွန်းဘက်က ရွေးချယ်ရတာ ဖြစ်ပါတယ်။
လူဦးရေ ၁၇ သန်းကျော်သာရှိတဲ့ သီရိလင်္ကာမှာ နိုင်ငံရေးပါတီ ၆၉၀ ရှိတာက စံချိန်ဖြစ်ပြီး မဲဆန္ဒနယ် ၂၂ ခရိုင်မှာ တသီးပုဂ္ဂလတွေလည်း ဝင်ရောက်ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။
Source : Reuters