သီရိလင်္ကာသမ္မတအဖြစ် အနုရ ကုမာရ ဒစ္စာနာယာခေကို ခန့်အပ်ပြီး ၂ လအကြာ နိုဝင်ဘာ ၁၄ ရက်မှာ သီရိလင်္ကာနိုင်ငံသားတွေဟာ အဓိက အထွေထွေရွေးကောက်ပွဲမှာ မဲပေးနေကြပါတယ်။
နိုင်ငံတဝန်း လုံခြုံရေးအတွက် လက်နက်ကိုင်ရဲတွေကို တာဝန်ချထားလို့ မဲရုံတွေ မဖွင့်မီတည်းက မဲရုံတွေမှာ လူတွေ တန်းစီခဲ့ကြတာပါ။
ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်တွေ ဘေးကင်းစေရေးအတွက် သီရိလင်္ကာရဲ့ မဲရုံ ၁၃,၄၀၀ မှာ ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ နဲ့ တပ်မတော်သား ၁၁,၀၀၀ တို့ တပ်စွဲထားပါတယ်။
ကိုယ်စားလှယ်လောင်း ၈,၈၀၀ ထဲကနေ လွှတ်တော်အမတ် ၂၂၅ ယောက်ကို ရွေးကောက်တင်မြှောက်ဖို့ မဲဆန္ဒရှင် ၁၇ သန်းဟာ မဲရုံတွေဆီ သွားနေကြပါတယ်။
သမ္မတရဲ့ ပါတီဖြစ်တဲ့ အမျိုးသားပြည်သူ့အင်အားမဟာမိတ် (NPP) ပါတီဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ အမတ်နေရာ ၃ နေရာသာ ရခဲ့ပေမဲ့ အခုတော့ မဲအများစုနဲ့ အနိုင်ရဖို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို နိုဝင်ဘာ ၁၅ ရက် ညနေမှာ သိရဖို့ မျှော်မှန်းထားပါတယ်။
ဒီရွေးကောက်ပွဲမှာ ပထမဆုံး လိင်ပြောင်းအရွေးခံမယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဟာနု နီမေရှာက ဝင်ရောက်ယှဉ်ပြိုင်နေပြီး တောင်အာရှကျွန်းနိုင်ငံ သီရိလင်္ကာမှာ ယုံကြည်မှု ပေါင်းစုံ ပိုမိုပါဝင်ပြီး သည်းခံနိုင်တဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပုံဖော်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
လိင်ပြောင်းထားသူတွေဟာ သီရိလင်္ကာနိုင်ငံမှာ လူ ၂၂ သန်းရဲ့ ၁ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ခန့်မှန်းထားကြောင်း Equal Ground ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတခုက ဆိုပါတယ်။
လိင်ပြောင်းထားသူတွေဟာ လူမှုရေးအရ ငြင်းပယ်တာကို မကြာခဏ ကြုံတွေ့ရပြီး တရားဥပဒေအကာအကွယ် ကင်းမဲ့တဲ့အပြင် နိုင်ငံရေးပါတီတွေမှာ ကိုယ်စားပြုမှု မရှိသလောက် ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
Source : Reuters