Home
မြန်မာသတင်း
ပုလဲမြို့ တမြို့လုံးနီးပါး ဗိုလ်နဂါးဦးဆောင်သည့် တပ်များသိမ်းပိုက်၊ မြို့မရဲစခန်းတခုသာကျန်  
DVB
·
November 14, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးနီးပါးကို  ဗိုလ်နဂါး ဦးဆောင်တဲ့တပ်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားပြီး စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးခံစစ်အဖြစ် မြို့မရဲစခန်းတခုတည်းပဲကျန်တော့တယ်လို့ ဒေသခံ  PDF တွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး  ပုလဲမြို့ကိုလက်မလွှတ်ရဖို့  ကြိုးစားနေပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်ကစပြီး ပုလဲမြို့ကို သိမ်းယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄ ရက် ကြာလာချိန်မှာ တော်လှန်ရေးတပ်တွေက ပုလဲမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးနီးပါးကို သိမ်းယူထားနိုင်ခဲ့တာပါ။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ၁၂ ရက်မှာ ၈ ကြိမ်ထက်မနည်း၊ ၁၃ ရက်မှာ ၁၅ ကြိမ်ထက်မနည်း၊ ၁၄ ရက် မွန်းလွဲမတိုင်ခင်အထိ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လတ်တလောစာရင်းအရ ပြည်သူ အနည်းဆုံး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဗိုလ်နဂါးရဲ့တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျန်ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက မြို့ထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေကို ဘေးလွတ်ရာကယ်ထုတ်နေကြတယ်လို့ ဆိုပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့-ပုလဲ ကိုဥက္ကာက "ကျနော်တို့ ရဲဘော်တွေ အဲဒီနား အနီးကပ်ရှိတယ်။ မသိမ်းရသေးဘူး။ မသိမ်းနိုင်သေးဘူး။ ထွေအုပ်မကျန်ဘူး။ ရဲစခန်းကျန်တာ။ လေကြောင်းတိုက်ခိုက်မှုကတော့ တောက်လျှောက် တရစပ်ပစ်နေတာ။ တိုက်ပွဲရပ်တဲ့ အချိန်မျိုးတွေဆိုရင် ကယ်လို့ရတဲ့မျက်နှာစာကနေ သွားကယ်တာပေါ့ဗျာ။ ပြည်သူတွေက အရမ်းကြောက် ကြတာပေါ့။ သူတို့လည်း ဆောက်တည်ရာမရ အဲဒီအခြေအနေမျိုးမှာ ကျနော်တို့က စုပြီးတော့မှ ဒီကိုလာဆိုပြီးတော့ ကားနဲ့စောင့်ပြီးတော့ တင်ရတာပေါ့။ မနေ့က ၁၀၀ ဝန်းကျင်လောက်ရှိမှာပေါ့ အားလုံးပေါင်း ၂ ရက်ဆက်တိုက် ပြည်သူ ၃၀၀ ကျော်ရှိမှာပါ။ မီးလောင်ဗုံးပုံစံမျိုးပေါ့။ ကျနော်တို့ကတော့ ဗုံးသီးအမျိုးအစား ဘာလို့ မပြောတတ်ဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီဗုံးသီးချလိုက်တော့ ပုလဲတောင်ပိုင်း တော်တော်များများ မီးလောင်တာတွေ ရှိတယ်ဗျ။ အိမ်တွေ မီးလောင်တာရှိတယ်။ တော်တော်များများကတော့ မိတ္ထီလာရှမ်းတဲက တက်တဲ့ ဂျက်ဖိုက်တာတွေပစ်တာ”လို့ ပြောပါတယ်။

ပုလဲမြို့နယ်ဟာ စစ်ကိုင်း-မကွေး-ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဆုံရာ မြို့နယ် ဖြစ်တဲ့အတွက် တော်လှန်ရေးအစပိုင်းကတည်းက စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ နယ်မြေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကာကွယ်ရေးအဖွဲ့တွေက ဖိအားပေး တိုက်ခိုက်နေပေမဲ့ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတာကြောင့် စစ်ကောင်စီက လက်မလွှတ်ဘဲ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး မြို့ကို ထိန်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပုလဲဒေသခံ ပအဖ  ကိုကျော်စိုးဝင်းက "MI 35 တို့ ဂျက်ဖိုက်တာတို့ ပစ်တဲ့ကြားကနေ ကယ်ထုတ်ထားတာပါ။ ပုလဲမြို့ကို ဝင်တဲ့အခါမှာ မိုင်းတွေ ထောင်ထားတဲ့ မိုင်းကွင်းတွေကိုလည်း ကျနော်တို့ ဖြတ်ရတာပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုက MI 35 တိုက်တဲ့အချိန်ကလည်း ဝင်ရောက်ခဲ့ရတယ်၊ ဂျက်ဖိုက်တာနဲ့ လာတဲ့အချိန်မှာလည်း ဝင်ရောက်ပြီးတော့ ကယ်ခဲ့ရတယ်။ အရပ်သား သေဆုံးမှုက  ၃ ယောက်လောက် သေထားပါတယ်။ တဖက်နဲ့တဖက် တိုက်ခိုက်မှုက ကျနော်တို့ ခေါင်းတွေပေါ်မှာ ကျည်ဆန်တွေရော၊ လေကြောင်းတိုက်ခိုက်မှုကလည်း ပြင်းထန်တဲ့အခါမှာ ကျနော်တို့ တတ်နိုင်သမျှ ကယ်ထုတ်ခဲ့ရတဲ့ ပြည်သူတွေပဲ ရှိတာပါ။ လေယာဉ်တွေကတော့ ပြည်သူတွေ ထွက်ပေါက်တွေကိုပါ အပစ်ခံရတယ်ဗျ”လို့ ပြောပါတယ်။

လေကြောင်းက ကြဲချတဲ့ဗုံးတွေထဲမှာ  ပေါင် ၅၀၀ ဗုံးတွေနဲ့  ပေါင် ၃၀၀ ဗုံးတွေလည်းပါဝင်ပြီး မီးလောင်ဗုံးတွေနဲ့ပစ်တဲ့အတွက် လဝကရုံးရဲ့အရှေ့ဘက်မှာ မီးလောင်နေတယ်လို့လည်း ပြောပါတယ်။

ပုလဲမြို့မှာ မြို့ဦးရပ်ကွက်၊ နတ်ကြီး၊ မြိုင်ရှည်၊ ပါရမီ၊ ရတနာအောင်မြေ၊ ရွှေဂူတော၊ ရွှေညို၊ မြို့လယ်၊ ထန်းတပင်၊ တောင်ကြီး၊ အောင်မင်္ဂလာ၊ ရန်ကြီးအောင်ရပ်ကွက်တွေ တည်ရှိပြီး တော်လှန်ရေးအစုအဖွဲ့တွေ ရပ်ကွက်တွေအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ပုလဲမြို့ကို ၉၀ ရာခိုင်နှုန်းအထိ သိမ်းယူထားနိုင်ပြီလို့ ဗိုလ်နဂါးက နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ဖော်ပြောဆိုထားပြီး စစ်ကောင်စီတပ်သားတချို့ အလံဖြူထောင် အလင်းဝင်တာတွေလည်း ရှိနေပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013