စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ဟာသလုပ်ပြီး မှတ်ချက်ပေးခဲ့တဲ့ အသင်းဖော် ဘန်တန်ကာကို အင်္ဂလန်အက်ဖ်အေက အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘန်တန်ကာဟာ ဥရုဂွေးရုပ်သံတခုနဲ့ အင်တာဗျူးမှာ သတင်းထောက်တယောက်က ကိုရီးယားအသင်းဖော်ရဲ့ ဂျာစီတောင်းယူပေးနိုင်မလားလို့ မေးမြန်းရာမှာ ဆွန်ရဲ့ ဝမ်းကွဲညီအစ်ကိုတွေပဲ ဖြစ်စေ၊ ကိုရီးယားလူမျိုးတွေရဲ့ ရုပ်ရည်သွင်ပြင်က အားလုံးအတူတူပဲ ဖြစ်ကြောင်း ဘန်တန်ကာက ပြန်လည် အရွှန်းဖောက်ခဲ့တာပါ။
အဲဒီမှတ်ချက်စကားဟာ အက်ဖ်အေရဲ့ စည်းမျဉ်း E 3 ကို ချိုးဖောက်ခဲ့တာဖြစ်ပြီး စည်းမျဉ်း E3 အပိုဒ် ၂ မှာ ကစားသမားတယောက်အနေနဲ့ နိုင်ငံတနိုင်ငံ သို့မဟုတ် လူမျိုးတမျိုး အပေါ်မှာ မလေးမစားလုပ်ဆောင်တဲ့ မှတ်ချက်မျိုး မပြောဆိုရဘူးဆိုတာ သတ်မှတ်ထားကြောင်း အက်ဖ်အေက ထုတ်ပြန်ပါတယ်။
ဘန်တန်ကာဘက်ကတော့ ဆွန်ဟောင်မင်ကို ညီအစ်ကိုရင်းလို ချစ်ခင်ပြီး စနောက်ခြင်းသားဖြစ်ကြောင်း ပြောခဲ့ပြီး ဆွန်ဟောင်မင်ဘက်ကလည်း အလားတူ ပြောဆိုထားပါတယ်။