Home
နိုင်ငံတကာ
တရုတ်နိုင်ငံ၌ လူအုပ်ထဲ ကားတိုက်ထွက်ပြေးမှုကြောင့် ၃၅ ဦး သေဆုံး၊  ၄၃ ဦး ဒဏ်ရာရ 
DVB
·
November 13, 2024
Photo-Reuters

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ခေတ်မီမြို့တော် ကျူးဟိုင်မြို့ရှိ အားကစားရုံတခုမှာ  နိုဝင်ဘာ ၁၁ ရက်ညပိုင်းက ကားတိုက်ပြေးမှုအတွင်း လူ ၃၅ ယောက် သေဆုံးပြီး ၄၃ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

တနင်္လာနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၈ မိနစ်လောက်မှာ လမ်းကြမ်းမောင်း မော်တော်ယာဉ်ငယ် တစီးဟာ အားကစားစင်တာအပြင်ဘက်မှာ လေ့ကျင့်ခန်း လုပ်နေကြတဲ့ လူအုပ်ထဲကို ထိုးဝင် မောင်းနှင်လာခဲ့တာ ဖြစ်ပါတယ်။

ကျူးဟိုင်ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သံသယရှိသူ အသက် ၆၂ နှစ်အရွယ် အမျိုးသား တယောက်ဟာ သူ့ကားအတွင်းမှာ သူ့ကိုယ်သူ ဓားနဲ့ ဒဏ်ရာရအောင် လုပ်ခဲ့ပြီးနောက် ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ တရုတ်အမျိုးသားကို ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာမှာ ဖမ်းမိခဲ့ပြီးတော့ ဖှန်က သူ့လည်ပင်းကို သူ ဓားနဲ့ထိုးလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က ပဏာမစုံစမ်းစစ်ဆေးမှုအရ ဖှန်ဟာ အိမ်ထောင်ရေး ကွာရှင်း ပြတ်စဲပြီးနောက် မကျေမနပ်ဖြစ်ရာက  အစပြုခဲ့တာလို့ ဆိုပါတယ်။

အင်္ဂါနေ့ညနေပိုင်းမှာ ကျူးဟိုင်ပြည်သူ့ အားကစားရင်ပြင်ရဲ့ ဆိုင်းဘုတ်ရှေ့မှာ လူတွေဟာ လွမ်းသူ့ပန်းခွေတွေချခဲ့ကြပြီး တခြားသူတွေက ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေကို ထွန်းညှိကြခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့  ဝန်ကြီးချုပ်လီချန်တို့က ဒဏ်ရာရသူတွေကို အစွမ်းကုန် ကြိုးပမ်း ကုသပေးဖို့ အမိန့်ပေးခဲ့ပြီး ကျူးလွန်သူကို ပြစ်ဒဏ် ပြင်းပြင်းထန်ထန်ပေးဖို့ ဒေသအာဏာပိုင်တွေကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။

ဗဟိုအစိုးရဟာ ဒီအမှုကိုကိုင်တွယ်ရာမှာ လမ်းညွှန်မှုပေးဖို့ အဖွဲ့တဖွဲ့ကို စေလွှတ်ထားကြောင်းလည်း CCTV သတင်းက ပြောပါတယ်။

ဒီကားတိုက်သတ်မှုမှာ နိုင်ငံခြားသား အသေအပျောက် မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်မှာပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရဟာ ပြည်သူတွေရဲ့ အသက်နဲ့ လူမှုဘဝ တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ အစီအမံတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လုံခြုံရေးတင်းကျပ်ပြီး သေနတ်ထိန်းချုပ်မှု ဥပဒေကြောင့် အကြမ်းဖက်မှု ရာဇ၀တ်မှု ရှားပါးတဲ့ တရုတ်နိုင်ငံမှာ ဒီဖြစ်ရပ်ကြောင့်  ပြည်သူ့လုံခြုံရေးအတွက် ဂုဏ်ယူနေတဲ့ တရုတ် လူ့အဖွဲ့အစည်းကို တုန်လှုပ်စေခဲ့ပါတယ်။

မြို့ကြီးတွေမှာ ဓားထိုးတိုက်ခိုက်ခံရမှု သတင်းတွေ မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ ဘေးကင်းလုံခြုံမှုအပေါ် အာရုံစိုက်လာခဲ့ကြပါတယ်။ မြို့ကြီးပြကြီးတွေမှာ အကြမ်းဖက်ရာဇ၀တ်မှုတွေ မြင့်တက်လာတာနဲ့ပတ်သက်ပြီး တရုတ်ရဲ့ နိုင်ငံအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းတွေလည်း ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013