Home
မြန်မာသတင်း
ကံပိုင်တည်မြို့ကို KIA သိမ်းပိုက်ရန် တရုတ် ဖိအားကြောင့် အခက်တွေ့နေ
DVB
·
November 13, 2024
Photo: လူးဝစ်အောင်၊ ကျော်ထက်လပ်

ကချင်ပြည်နယ်၊ အထူးဒေသ-၁ ရဲ့ လက်ကျန် ကံပိုင်တည်မြို့ကို သိမ်းဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ကြိုးပမ်းနေပေမဲ့  တရုတ်ဖိအားကြောင့် အခက်တွေ့နေကြောင်း  KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။ 

ကံပိုင်တည်မြို့က နယ်စပ်မြို့ဖြစ်တဲ့အပြင် အဓိကကုန်သွယ်ရေးဂိတ်ရှိတဲ့ မြို့ဖြစ်သလို မြန်မာဘက်က တရုတ် လိုချင်တဲ့ အဖိုးတန်ပစ္စည်းတွေ သယ်ယူဖို့ လမ်းကြောင်း မရှိတော့တာကြောင့် ဖိအားပေးနေတာလို့ ယူဆရတယ်လို့ ဆိုပါတယ်။ 

ကံပိုင်တည်ကို တရုတ်ဘက်က ဖိအားပေးထားလို့ မပစ်ဘဲ ဝိုင်းရံပိတ်ဆို့ထားတယ်လို့  KIA နဲ့ နီးစပ်သူ ဒေသခံက ပြောပါတယ်။

“ကံပိုင်တည်ကို တရုတ်ဘက်က ဖိအားပေးတာ မှန်ပါတယ်။ နယ်စပ်ဂိတ်က မဖွင့်တော့ဘူး။ သူတို့ တရုတ်ဘက်က ပိတ်ထားတယ်။ ပစ္စည်းတွေ သယ်ယူချင်လို့ ဂယက်ထနေကြတယ်။ တရုတ်တွေကတော့ KIA ဘက်က တာဝန်ရှိလူကြီးတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး သူတို့ လိုချင်တာတွေ သယ်ယူတာတွေ လုပ်လာဖို့ များတယ်။ ဂိတ်ပိတ် ခြိမ်းခြောက် လုပ်နေတာ။ ခဏလေးပါ။ ကံပိုင်တည်လည်း မနက်ဖြန်၊ သန်ဘက်ခါ ဆိုရင် သိမ်းရင် သိမ်းမှာပါ။” 

မြန်မာဘက်ခြမ်းမှာတော့ တရုတ်ဘက်က တရုတ်နိုင်ငံသား အလုပ်လုပ်တဲ့ သူဌေးတွေ၊ အလုပ်သမားတွေ၊ ပိုက်ဆံလာရှာသူတွေ၊ မြန်မာနိုင်ငံထဲ ဝင်မွှေ၊ ငွေ ဝင်ရှာ၊ လာလုပ်စား၊ အလုပ်လာလုပ်တဲ့ သူတွေရှိတယ်လို့လည်း သိရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ကံပိုင်တည်ကိုသာ သိမ်းပိုက်ဖို့ ကျန်ပေမဲ့ နယ်စပ် ဖြစ်‌နေတာကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ အဆင်မပြေဘဲ လွယ်ဂျယ် လိုမျိုး စစ်ကောင်စီကို ပိတ်ဆို့၊ ရိက္ခာဖြတ်တောက်ထားတာမျိုး လုပ်ဖို့ ပိုဖြစ်နိုင်တယ်လို့ KIA နဲ့ နီးစပ်သူ တချို့က ပြောပါတယ်။ 

အောက်တိုဘာ ၂၁  ညနေ ၅ နာရီခန့်က ကံပိုင်တည်အနီး စင်ကြိုင်အခြေစိုက် အမှတ် - ၁၀၀၃ နယ်ခြားစောင့်တပ် ဌာနချုပ်စခန်းကို KIA နဲ့ ပူးပါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

ကံပိုင်တည် လမ်းကြောင်းပေါ်က အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်ရဲ့ ထံမော့ခံ တပ်ခွဲစခန်းကိုလည်း အောက်တိုဘာ ၁၈ ရက် မနက်ကသိမ်းပိုက်ခဲ့ပြီး စင်ကြိုင်အခြေစိုက် အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ် ဌာနချုပ်စခန်းရဲ့ ကာကင်းစခန်း ၃ ခုကိုလည်း အောက်တိုဘာ ၁၇ ရက်မှာ KIA က သိမ်းပိုက်ခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013