ပုဂံ ညောင်ဦးဒေသမှာ အလုပ်အကိုင် ရှားပါး၊ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် တဝမ်းတခါးအတွက် တောပျားရှာဖွေတဲ့ အလုပ်ကို လုပ်ကိုင်သူတွေ များလာလို့ ပျားရှာရတာ ခက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန်ဆောင်မုန်းလရာသီက ပုဂံ ညောင်ဦးဒေသမှာ တောပျားရှာဖွေသူတွေ ပုံမှန်ရှာဖွေကြတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ ပျားရှာဖွေသူ များပြားလာတာအပြင် ရာသီဥတု ပြင်းထန်လို့ ပျားအုံ အရနည်းတာတွေ ဖြစ်လာပါတယ်။
ဒေသခံတယောက်က “အရှာများလာတော့ နည်းနည်းတော့ရှားလာတာပေါ့။ ပျားရှာတော့ နည်းနည်းတော့ ခဲယဉ်းတာပေါ့။ ရှာတဲ့သူများတော့ အလုပ်အကိုင်မရှိတော့ ဒီပျားပဲ လိုက်ရှာနေကြတာပေါ့။ ရှာတဲ့သူ နည်းတာပေါ့”လို့ ပြောပါတယ်။
ပုဂံဒေသမှာ ဟိုးအရင်နှစ်တွေက မေလမှာ မိုးစရွာလေ့ရှိပေမဲ့ အခုနှစ်မှာတော့ မိုးခေါင်ပူပြင်းလာပြီး ဝါခေါင်လဖြစ်တဲ့ ဩဂုတ်လရောက်မှာသာ မိုးရွာလေ့ ရှိပါတယ်။
စက်တင်ဘာလအတွင်းမှာတော့ ယာဂီမုန်တိုင်းနောက်ဆက်တွဲကြောင့် မိုးအလွန်များလာပြီး ပုဂံဘုရားကြီးတွေထဲ ရေဝင်ရောက်ခဲ့ပါတယ်။
ဒီလိုပြင်းထန်တဲ့ ရာသီဥတုတွေကြောင့်လည်း သဘာဝအတိုင်း ပေါက်ရောက်တဲ့ တောပန်းတွေ အဖူးအပွင့်နည်းလာပြီး တောပျားအုံလေးတွေ နည်းပါးလာတာလို့လည်း မြင်းကပါရွာက လာရောက်ရှာဖွေသူတယောက်က သုံးသပ်ပါတယ်။
“ဒီနှစ်က ပျားသိပ်မတွေ့ဘူး။ ပျားက ရှာရတာနည်းနည်းပဲ။ သိပ်မပေါတော့ဘူး။ ရှာရတာ ခက်တယ်။ ဘာကြောင့်ဆိုတော့ နေပူတာများတာတွေတို့၊ မိုးရွာတာများတာတွေကြောင့် ပျားတွေ သေသွားတာ ထင်တယ်။”
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဆက်တိုက် ကျဆင်းလာပြီးတဲ့နောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာကာ ပုဂံဒေသခံတွေ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်လာရပါတယ်။
ဒါကြောင့် ဒေသတွင်း ကျပန်းလုပ်ကိုင်စားသောက်ရတဲ့ ဒေသခံတွေဟာ ပုဂံမြို့ဟောင်းတဝိုက်မှာ တောပျားအုံရှာဖွေတဲ့အလုပ်ကိုပဲ လုပ်ကိုင်လာကြရတာပါ။
ဒါပေမဲ့ တောပျားရှာဖွေသူတွေဟာ ဘောင်းဘီအရှည်တွေ ဘွတ်ဖိနပ်တွေ စီးရတဲ့အတွက် စစ်တပ်က မျက်စိစူးလာမှာကိုလည်း ကြောက်ရွံ့နေကြရတယ်လို တောပျားရှာဖွေသူတွေက ပြောပါတယ်။
လတ်တလော ဈေးကွက်ထဲမှာတော့ တောပျားအုံ တပိဿာကို ကျပ် ၂၀,၀၀၀ ပေါက်ဈေးရှိပြီး တပိဿာရဖို့ ပျားအုံ ၁၀ အုံလောက် ပါဝင်တယ်လို့ သိရပါတယ်။
ပုဂံဒေသက ခရီးသွားလုပ်ငန်းတွေ ရပ်လုနီးပါးဖြစ်နေသလို အလုပ်အကိုင် ရှားပါးလာတာကြောင့် ဒေသခံတွေ စားဝတ်နေရေးကျပ်တည်းပြီး ကြုံရာကျပန်းလုပ်ကိုင်ရင်း ရုန်းကန်နေကြရတယ်လို့ တောပျားအုံရှာဖွေသူ ဒေသခံတယောက်က ပြောပါတယ်။
“အရင်နှစ်တွေက ချောင်တယ်။ ဒီနှစ်က နည်းနည်းကျပ်တယ်။ ဒီနှစ်က အလုပ်အကိုင်ရှားတယ်လေ။ နှစ်တိုင်းကတော့ ပေါတယ်လေ။ ပန်းရန်နဲ့ ဒီပြင်အလုပ်လေးတွေနဲ့။ ဒီနှစ်က အဲဒီလိုအလုပ်က အလုပ်အကိုင်က ရှားပါးတယ်လေ။ အခုကတော့ ကျပန်းခတ်တယ်။ ဟိုက ခေါ်လိုက် လုပ်လိုက်၊ ဒီက ခေါ်လိုက်လုပ်လိုက်၊ အဲဒါပဲ။ အမှန်တော့မရှိဘူး။”
တောပျားအုံရှာဖွေရာမှာ ပုဂံဒေသရှိ သဘာဝပေါက်ပင်တွေနဲ့ တောပန်းတွေကြားမှာ ကျင်လည်နေကြတဲ့ ပျားနားတောင်းအုံ၊ ပျားကြီးအုံ၊ ပယင်းပျား၊ တွင်းပျား၊ ပစ်သုန်းပျားတွေကို အဓိကရှာဖွေကြပြီး ရရှိတဲ့ပျားရည်တွေကို ပြည်တွင်းမှာပဲ အဓိကထားသုံးစွဲကြတာ ဖြစ်ပါတယ်။
ပျားတွေက တပင်ကနေ တပင်ကူး ဝတ်ရည်ရှာဖွေ စုဆောင်းကြတာဖြစ်လို အပွင့်အသီးတွေ သန္ဓေအောင် ကြီးထွားလာဖို့ ဝတ်မှုန်အဓိကကူးပေးတဲ့ အကောင်းဆုံးသတ္တဝါတွေ ဖြစ်ပါတယ်။
ပျားတွေသာ မရှိတော့ဘူးဆိုရင် လူသားတွေမှာ ၄ နှစ်လောက်ပဲ အသက်ဆက်ရှင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။