Home
မြန်မာသတင်း
မြစ်ခြေတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့၀င် ၃ ဦး ကျဆုံး
DVB
·
November 11, 2024
Photo: ဧရာ‌ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​ ကြောင့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့၀င် ၃  ယောက် ကျဆုံးသွားပါတယ်။

ဧရာ‌ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မြစ်ခြေမြို့နယ် ထဲက ဖလံအိုကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကျနော်တို့တပ်ခွဲက တပ်ဖွဲ့၀င် ၃ ယောက် ကျဆုံးခဲ့ရပါတယ်” လို့ ပြောပါတယ်။

ကျဆုံးသွားသူတွေကတော့ ပခုက္ကူခရိုင်ပကဖ တပ်ခွဲ ၅ (ဧရာ‌ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကတပ်စုမှူး ဒေါင်းသွေး၊ ရဲဘော်ဆင်ကြီးနဲ့ ရဲဘော်မီးလက်ဝါးတို့ ဖြစ်ကြပါတယ်။

ဧရာ‌ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “ရဲဘော်ဆင်ကြီးနဲ့ ရဲဘော်မီးလက်ဝါး တို့က ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ စစ်သင်တန်းကို တက်ရောက်အောင်မြင်ထားကြသူတွေ ဖြစ်ပါတယ်။ အခုလကုန်ရင်တော့ PDF တွေက လုံခြုံရေးယူပေးပြီး ရွာခံတွေသူတို့ရွာကိုပြန်နိုင်ဖို့ နယ်မြေရှင်းလင်းရေးကိစ္စတွေ ဆောင်ရွက်ရင်းသွားကြတာပါ။ ဖလံအိုရွာနားက ဇီးကုန်းနဲ့ ရှင်မကန်ရွာတွေက ပျူရွာတွေလေ။ အဲဒီသတင်းကြားလို့ သူတို့က စစ်ကြောင်းပစ်ကူခေါ်တာလို့ သိရတယ်”လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာလေကြောင်းကနေ ဖလံအိုကျေးရွာဘုန်းကြီးကျောင်းကို နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း၀ိုင်းအတွင်းက ကျောင်းဆောင် အဆောက်အဦး အများအပြားနဲ့ လူနေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013