Home
မြန်မာသတင်း
မင်းတပ်မြို့ကို စစ်ကောင်စီက ၂ ရက်ဆက် ဗုံးကြဲပစ်ခတ်ပြီး မီးရှို့
DVB
·
November 10, 2024
Photo: HKL

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲအကြိမ်ကြိမ်ကြဲခဲ့သလို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး မီးလည်း ရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နီးစပ်သူဒေသခံတယောက်က “ဒီနေ့ မနက် ၅ နာရီကနေ ၆ နာရီခွဲလောက်အထိ မင်းတပ်မြို့ပေါ်ကို Y-12 နဲ့ ၁ နာရီကျော်ကြာ ၄ လုံးတတွဲစီ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်သွားတယ်။ အပျက်အစီးကိုတော့ စုံစမ်းနေတုန်းပဲ။ ဖုန်းလိုင်းတွေက မကောင်းလို့ ဆက်မရဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက် မနေ့ ညနေ ၄ နာရီလောက်ကလည်း လောင်းရှည် ကပစ က တာဝေးပစ်ဒုံးတွေနဲ့ မင်းတပ်မြို့အနီးဝန်းကျင်ကို ၄ ကြိမ် ပစ်ခတ်တိုက်ခဲ့ပြီး ညနေ ၅ နာရီလောက်မှာလည်း အေလာ  လေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ တစင်းက မင်းတပ်မြို့အနီးဝန်းကျင်ကို ပေါင် ၂၅၀ ဗုံး ၄ လုံးနဲ့ ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သူက ပြောပါတယ်။

ပြီးတော့ ကျောက်ထုအမြောက်တပ်ကနေ မင်းတပ်မြို့ကို ၁၂၀ မမ တွေနဲ့ ၅ ကြိမ်ပစ်ခတ်တိုက်ခိုက်ပြီး ဒရုန်းနဲ့လည်း ဗုံးတွေကြဲသေးတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါ့အပြင် ည ၇ နာရီကျော်မှာလည်း တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံး ၄ လုံးကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

နီးစပ်သူဒေသခံတယောက်က “ည ၈ နာရီ ၅၅ မိနစ်နဲ့ ၉ နာရီ ၅ မိနစ်လောက်မှာ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာက မင်းတပ်ဝန်းကျင်ကို ပေါင် ၂၅၀ ဗုံး ၄ လုံး၊ ၂ ကြိမ်ကြဲသွားတယ်။ ည ၈ နာရီခွဲလောက်မှာလည်း Y-12 ထောက်ပို့လေယာဉ်က မင်းတပ်မြို့မှာရှိတဲ့ ခလရ ၂၇၄ ထဲကို ရိက္ခာထုပ်တွေ ချပေးခဲ့တဲ့အပြင် ကင်းထောက်သွားသေးတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက် မနေ့ကပဲ မင်းတပ်မြို့ ဆောက်လုပ်ရေးလမ်းခွဲနားက ဒေသခံအိမ် ၃၀ လောက်နဲ့   ခေါနူးရိပ်သာ တောင်ဘက်ခြမ်းက အိမ် ၁၀ လုံးကျော်၊ ထွေအုပ်ရုံးနားက အိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပြီး ပျက်စီးတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်ကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဘုရာကျောင်းအပါအဝင် အိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013