ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ယာဉ်တိုက်မှုတွေ နည်းပါးစေဖို့ ပညာပေးတာနဲ့ ကွင်းဆင်းတာတွေ လုပ်နေတယ်လို့ ကရင်နီပြည်ရဲဌာန KSP ရဲမှူး ကိုဘိုဘိုက ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လက်ကမ်းစာစောင် ဝေတာတွေ၊ ကျေးရွာအလိုက် အသိပညာပေးဟောပြောတာတွေ၊ ယာဉ်တိုက်မှု ဖြစ်လေ့ရှိတဲ့နေရာတွေမှာ အသိပေးဆိုင်းဘုတ်ထောင်တာတွေနဲ့ ကွင်းဆင်းဆောင်ရွက်မှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
KSP ရဲမှူး ကိုဘိုဘိုက “ယာဉ်စည်းကမ်းနားမလည်တာရယ်၊ အရှိန်လွန်မောင်းကြတာတွေကြောင့် ယာဉ်တိုက်မှုဖြစ်တာပေါ့နော်။ ခု KSP က ယာဉ်ထိန်းဌာနခွဲ ဖွဲ့စည်းထားတာရှိတယ်။ အသိပညာပေး ဟောပြောပွဲတွေလုပ်တာရှိတယ်။ ယာဉ်ထိန်းတွေ သီးသန့်တာဝန်ခွဲထားတာလည်း ရှိတယ်။ ယာဉ်တိုက်မှုတွေဖြစ်လာရင် ကျနော်တို့က ကျေးရွာဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းတယ်။ ပြီးရင် မှားတဲ့သူကို တာဝန်ယူခိုင်းတာတို့၊ ပြစ်ဒဏ်ပေးတာတို့ရှိပါတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်ရဲဌာနကနေ ၂၀၂၄ ခုနှစ် နှစ်ဝက်ကစပြီး စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ အမှု ၂ မှု၊ လူသတ်မှု ၁ မှု၊ ခိုးမှု ၃ မှု၊ မူးယစ်ဆေးဝါး မှု ၂၅ မှု၊ အခြားအမှုသေး ၁၀ မှု၊ အမှုပေါင်း ၄၁ မှုကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ၊ စက်တင်ဘာလနဲ့ အောက်တိုဘာလက ဒီးမော့ဆိုအနောက်ခြမ်းမှာ ယာဉ်တိုက်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးတာတွေလည်းရှိတဲ့အတွက် ရဲဌာနက အရေးယူ ဆောင်ရွက်ခဲ့သလို ကျေးရွာလူထုကလည်း ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ သံဃာတွေပင့်ဖိတ်ပြီး ပရိတ်ရွတ်ဖတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
KSP က ၂၀၂၄ နှစ်ဝက်အကျော်မှာ ရဲတပ်သားသစ် ၁၁၀ ကို သင်တန်းပေးမွေးထုတ်ခဲ့ပြီး ရဲစခန်းနဲ့ ရဲကင်း ၃ ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သလို ကရင်နီက မယ်စဲ့၊ ပေါ်ဝေါ်၊ ဘောဟူဒဲ နဲ့ လိုမူခို မြို့နယ်တို့မှာ အိမ်ထောင်စုစာရင်းကောက်ခံတာတွေနဲ့ နန်းမယ်ခုံ၊ လွိုင်နန်းဖ၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကွင်းဆင်းစစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။