Home
မြန်မာသတင်း
အာရှတွင် အရေးပေါ်ရင်ဆိုင်နေရသည့် အဓမ္မရွှေ့ပြောင်းရမှုပြဿနာ ချင်းမိုင်တွင် ဆွေးနွေး
DVB
·
November 8, 2024
Photo-Reuters

အာရှနိုင်ငံတွေမှာ အရေးပေါ်ရင်ဆိုင်နေရတဲ့ အတင်းအကျပ် ရွှေ့ပြောင်းရမှု ပြဿနာတွေနဲ့ ပတ်သက်တဲ့ Beyond Borders  လို့အမည်ပေးထားတဲ့ ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်သွားပါတယ်။

DW Akademie က စီစဥ်ကျင်းပတဲ့ ၄ ရက်ကြာ ဒီဆွေးနွေးပွဲမှာ အတင်းအကျပ် ဖိအားပေးခံရတဲ့ ရွှေ့ပြောင်းအခြေချရမှု ပြဿနာတွေနဲ့ပတ်သက်လို့ သတင်းပေးပို့အစီရင်ခံမှုအတွက် နည်းလမ်းသစ်တွေကို လေ့လာဆွေးနွေးခဲ့ကြပြီး၊ မတူကွဲပြားတဲ့ အကျိုးသက်ဆိုင်သူတွေအကြား ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

DW Akademie ပရိုဂရမ်ဒါရိုက်တာ အန်ဒရီယာမာရှယ်က “တဦးနဲ့တဦး ဆက်နွှယ်ချိတ်ဆက်ကြတာကို မြင်ရတာ ဝမ်းမြောက်စရာပါ။ ဘာလို့လဲဆိုတော့ တခါတလေကျတော့ တချို့အဖွဲ့တွေအနေနဲ့ တနိုင်ငံတည်းက ဖြစ်ကြပေမဲ့ နိုင်ငံအခြေအနေ၊ နိုင်ငံရေးခေါင်းဆောင်တွေက တဦးနဲ့တဦး အဆင်မပြေကြတော့ တွေ့ဆုံကြဖို့က မလွယ်ကူဘူး။ ဒီအဖွဲ့တွေက ပဋိပက္ခအတွင်းမှာ သူကဟိုဘက် ကိုယ်ကဒီဘက်လိုမျိုး ဖြစ်နေကြတာကိုး။ လူချင်းတွေ့ဖို့ဆိုတာ ဝေလာဝေးပေါ့နော်၊ ဒါကြောင့်မို့လို့ ကျမတို့က ဒီလိုပွဲလေးကို ဖန်တီးပေးဖြစ်ခဲ့တာပေါ့။ အင်မတန်ကို ခက်ခဲခဲ့ပါတယ်၊ အခုလိုမျိုး အားလုံး အချင်းချင်း အပြင်မှာတွေ့ဆုံကြတယ်၊ အချင်းချင်း ချိတ်ဆက်ကြတယ် ဒါတွေကို မြင်ရတာ ကျမ အင်မတန် ပီတိဖြစ်မိတယ်၊ ဒီလိုပွဲမျိုးတွေမှာ တခါမှ မဆွေးနွေးဖူးတဲ့ အကြောင်းအရာတွေကိုလည်း သိရှိခွင့်ရခဲ့တယ်ပေါ့နော်”လို့ ပြောပါတယ်။

DW ဟာ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အာဖဂန်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခွင့်တွေရဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်ဖန်တီးပေးပြီးတော့ ဒီအသိုက်အဝန်းတွေမှာ လုပ်ပိုင်ခွင့်တွေ ရရှိလာဖို့ရည်ရွယ်တာ ဖြစ်ပါတယ်။

Rohingya Maìyafuìnor Collaborative Network အဖွဲ့မှ Co-founder Noor Azizahက “ရိုဟင်ဂျာအရေးက အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ အရေးကိစ္စတခုပေါ့နော်။ လွန်ခဲ့တဲ့လပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် လှုပ်ခတ်မှုအသစ်တွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဖြစ်လာတာကို ကျမတို့ တွေ့ရပါတယ်။ နတ်မြစ်ကို ဖြတ်သန်းပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၄၅၀၀၀ ကျော် ရှိပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးဖို့ အရေးကြီးတဲ့အကြောင်း ကျမပြောခဲ့တာပါ။ ဒါပေမဲ့ ကျမတို့ရဲ့ အဖြစ်အပျက် အတွေ့အကြုံတွေကို မျှဝေပေးတာအပြင် ဒီလိုဖြစ်အောင် ခွင့်ပြုပေးတဲ့ အစိုးရတွေကိုလည်း တာဝန်ယူ၊ တာဝန်ခံဖို့ လုပ်ဆောင်မှုကလည်း အရေးကြီးပါတယ်။ နေရာသစ်၊ အိမ်အသစ် ရှာဖွေနေကြတဲ့ အာဆီယံဒေသတွင်းက ရိုဟင်ဂျာတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေတဲ့အကြောင်းကိုလည်း တင်ပြချင်ပါတယ်။”

ဒီပွဲကို နိုင်ငံပေါင်း ၂၀ ကျော်က လူပုဂ္ဂိုလ် ၈၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အများစုကတော့ အာရှနိုင်ငံတွေကပါ။

သတင်းထောက် Anneleen Ophoff က  “ယေဘုယျအားဖြင့် ရွှေ့ပြောင်းအခြေချမှုနဲ့ပတ်သက်ပြီး တော်တော်များများက နားလည်မှုလွဲကြတယ်လို့ ထင်ပါတယ်၊ ရွှေ့ပြောင်းအခြေချဖို့အတွက် စေ့ဆော်မှုဖြစ်စေတဲ့ အကြောင်းကိစ္စမျိုးပေါ့။ အတင်းအကျပ် ဖိအားပေးခံရတဲ့ ရွှေ့ပြောင်းအခြေချမှုအကြောင်း ပြောကြတဲ့အခါ၊ အဲဒီကိစ္စက ပိုပြီးဆွေးနွေးဖို့ ခက်ခဲတယ်ပေါ့နော်။ ပုံသေကားကျပုံစံကို ကျော်လွန်ပြီးတော့ ကြည့်ဖို့ ကျမတို့ လေ့လာရပါမယ်။ စာဖတ်သူတွေအနေနဲ့ ကြိုတင်သဘောထားယိမ်းနေတဲ့အမြင်မျိုးနဲ့ မတူတဲ့ တခြားရှုထောင့်ကနေ အတွေးမျိုး ရနိုင်စေမယ့် တင်ပြမှုမျိုးဖြစ်အောင် ကြိုးပမ်းရမှာပေါ့နော်။”

DW Academie ဟာ မီဒီယာဖွံ့ဖြိုးတိုးတက်မှု၊ စာနယ်ဇင်းသင်တန်းနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုအတွက် အဓိကဆောင်ရွက်နေတဲ့ ဂျာမနီ အခြေစိုက် အဖွဲ့အစည်းတခုပါ။ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၇၀ ကျော်မှာ လည်ပတ်ဆောင်ရွက်နေပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်ပရောက်မြန်မာမီဒီယာတွေနဲ့လည်း အတူပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

စောမင်းသိန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013