ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ထဲမှာ အောက်တိုဘာ ၂၇ ရက်မနက်က ဂေါ်ဖီထုပ်တွေ အပြည့်တင်ဆောင်လာတဲ့ ကားပေါ်ကနေ စိတ်ကြွမူးယစ်ဆေးပြား ၂ သန်းခွဲခန့် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မသင်္ကာဖွယ် ကား ၂ စီးဟာ ချင်းမိုင်မြို့၊ ပါဒက်ရပ်ကွက်၊ ချင်းမိုင်-ဟန်ဒုံးသွား ကားလမ်းမကြီးဘေး ဓာတ်ဆီဆိုင်တဆိုင်မှာ ဝင်ရောက်ရပ်နားစဉ် နောက်ယောင်ခံလိုက်လာတဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။
ပထမကားတစီးဟာ ရှေ့ကနေ လမ်းရှင်းပေးတာဖြစ်ပြီး ဂေါ်ဖီထုပ်တွေ အပြည့်တင်ထားတဲ့ ဒုတိယကားကို ရှာဖွေစစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၂, ၄၉၄, ၀၀၀ ကို တွေ့ရှိခဲ့ပါတယ်။
ဒီမတိုင်ခင်ရှေ့က နယ်မြေထဲမှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်ထောက်လှမ်း သိရှိချက်အရ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတို့ ပူးပေါင်းပြီး စောင့်ကြပ်စစ်ဆေးခဲ့တယ်၊ အဲဒီနောက် ဂေါ်ဖီထုပ်တွေ တင်လာတဲ့ကားနောက်ကို နောက်ယောင်ခံလိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းဒေါင်းမြို့နေ နိုင်းအခရချိုင်း ( ၂၇ နှစ်)၊ မဲ့တိုင်မြို့နေ နိုင်းဖုန်းဖတ် (၃၀ နှစ်) နဲ့ ဒွိုင်တောဝ်မြို့နေ နိုင်းဒုဆစ် (၄၈ နှစ်) တို့ကို ဖမ်းဆီးအရေးယူထားကြောင်း၊ သူတို့ဟာ အဲဒီမူးယစ်ဆေးတွေကို မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်ထဲကနေ သယ်ဆောင်လာပြီး ဆုခိုထိုင်းခရိုင်ဘက်ကို ပို့ပေးဖို့ဖြစ်တယ်လို့ ဝန်ခံသွားပါတယ်။
Source: Maesai press / Thairath