Home
မြန်မာသတင်း
ရေလွှမ်းမှုဒဏ်ခံရသည့် ချင်းမိုင်က မြန်မာရွှေ့ပြောင်းဒုက္ခသည်များ အကူအညီလိုအပ်
DVB
·
October 9, 2024
Photo-DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့  မြန်မာရွှေ့ပြောင်းဒုက္ခသည် မိသားစုတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

ချင်းမိုင်မြို့မှာ အောက်တိုဘာ ၅ ရက်က စံချိန်တင်ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ပင်းမြစ်ရေဟာ ၅ ဒသမ ၃ မီတာထိ စံချိန်တင်ရောက်ရှိခဲ့လို့ မြို့ရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခဲ့တာပါ။

ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည် မိသားစု အများအပြားဟာလည်း အကူအညီတောင်းခဲ့ကြပါတယ်။

ဒါနရွှေ့ပြောင်းပညာရေးစင်တာ တည်ထောင်သူ မိုင်းဌေးအောင်က  “ဒီအခြေအနေက ဒီမှာနေတဲ့ ရွှေ့ပြောင်းမိသားစုတွေအတွက် တကယ်ကို ဆိုးရွားလှပါတယ်။ ပြောချင်တာက ဒီမှာနေတဲ့ မြန်မာအများစုဟာ LGBT အသိုင်းအဝန်းတွေ၊  အထောက်အထားမဲ့၊ ဒါမှမဟုတ် တရားမ၀င်နေထိုင်သူတွေပေါ့၊ သူတို့က ကယ်ဆယ်ရေးအဖွဲ့ ဒါမှမဟုတ် အဖွဲ့အစည်းကြီးကြီးမားမား၊ NGO တစ်ခုခုကို ဆက်သွယ်ဖို့ အကူအညီတောင်းဖို့ တွန့်ဆုတ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကယ်ဆယ်ဖို့ ဒါမှမဟုတ် ကူညီမယ်ဆိုပါက ထိုင်းရဲတွေ ပါဝင်လာမှာကို စိုးရိမ်ကြတာပါ။ အဲ့လိုပါဝင်လာပြီး အခုချက်ချင်း ဒါမှမဟုတ် နောင်အနာဂတ်မှာ ထိခိုက်မှာကို စိုးရိမ်ကြတာပါ”လို့ ပြောပါတယ်။

အသက် ၂၂ အရွယ်သာရှိသေးတဲ့ မိုင်းဌေးအောင်ဟာ သူ့ရဲ့ကျောင်းကို ဖွင့်လှစ်ထားတာ ၆ လလောက်သာ ရှိပါသေးတယ်။ သူ့ရဲ့ ဒါနရွှေ့ပြောင်းပညာရေးစင်တာမှာ သားသမီးတွေကို ပညာသင်ကြားပေးဖို့ မြန်မာမိသားစုတွေအတွက် ခိုလှုံရာဖြစ်လာပါတယ်။

မြန်မာ ရွှေ့ပြောင်းမိသားစုများစွာဟာ သူတို့ရဲ့ ကလေးတွေကို ထိုင်းအစိုးရ ကျောင်းတွေဆီ မပို့နိုင်ကြတဲ့အတွက် ကလေးတွေပညာရေးအတွက်  ရွှေ့ပြောင်းကျောင်းကိုသာ မှီခိုခဲ့ကြရပါတယ်။

မိုင်းဌေးအောင်က "ကမ္ဘာတဝန်းက ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ဆီ ဆက်သွယ်ပြီး ကျနော်တို့ရဲ့ ကျောင်းသားတွေ ပိုမိုသိရှိနိုင်စေဖို့နဲ့ ပညာဆက်လက်သင်ယူနိုင်စေဖို့အတွက် ကျောင်းကတဆင့် ထောက်ပံ့မှုတွေကနေ ကွန်ပျူတာလက်ပ်တော့အထိ တတ်နိုင်သမျှ လှူဒါန်းနိုင်ပါတယ်။ ဒီမှာနေထိုင်ကြတဲ့ မိသားစုတွေကိုတော့ သူတို့အလိုအပ်ဆုံးဖြစ်တဲ့ အဝတ်အစားတွေ၊ စောင်တွေ လှူဒါန်းနိုင်ပါတယ်။ သူတို့တွေ ရာသီဥတုကြောင့် ဒီထက်ပို လိုကောင်းလိုအပ်နိုင်ပါတယ်။ လောလောဆယ်မှာ စောင်က ပါးလွှာပြီး ဆောင်းတွင်းလည်း ရောက်နေပြီဆိုတော့ သူတို့လည်း ပိုထူတဲ့ စောင်တွေ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် မည်သည့်အလှူမျိုးမဆို ကျနော်တို့ လက်ခံပါတယ်"လို့ ပြောပါတယ်။

Free Burma Rangers ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့က မိုင်းဌေးအောင်ရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ပြီး ကူညီခဲ့ကြပါတယ်။

အောက်တိုဘာ ၈ ရက်က  ချင်းမိုင်ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းမိသားစုဝင်ပေါင်း ၄၀၀ အတွက် အစားအစာတွေ လှူဒါန်းခဲ့ကြပါတယ်။

စောမင်းသိန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013