ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက ရေကြီး ရေလွှမ်းမိုးခံရတဲ့အတွက် ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးခင်း ဧက ၅,၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလထဲ မိုးအဆက်မပြတ်ရွာသွန်းတာ၊ ဖယ်ခုံအင်းက ရေဝင်ရောက်လာတာနဲ့ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာ ဖောက်ချတာတွေကြောင့် ကျေးရွာတွေမှာ ရေကြီးရေလျှံနေပြီး ပင်လယ်ရေပြင်လို ဖြစ်လာပါတယ်။
ဖောင်းတောကျေးရွာ၊ ဘုရားဖြူကျေးရွာနဲ့ ဘုရားနီကျေးရွာတွေက စပါးခင်းတွေက ၇ လပိုင်း ၂၅ ရက်ကစပြီး ၈ လပိုင်းအထိ ရေမြုပ်မှုကြောင့် စပါးခင်း ဧက ၁,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး ၉ လပိုင်း ရေကြီးမှုမှာတော့ ဧက ၅,၂၀၀ ကျော်အထိ ရေနစ်မြုပ်သွားခဲ့ကာ ပြည်သူတွေလည်း ရေဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
ရေဘေးသင့် ပြည်သူတယောက်က “စပါးပင်အရွယ်အစားက ကျနော်တို့ ရိတ်သိမ်းခါနီး အခြေအနေမှာ အများဆုံးဖြစ်သွားတယ်ပေါ့နော်။ အပင်ပွှားထွက်ချိန်က နည်းတာပေါ့နော်။ ရိတ်သိမ်းခါနီးကျမှပဲ ရေတွေတအားတက်လာတယ်။ ဝမ်းရေးအတွက်က စပါးပင်တွေကော အိမ်တွေကော ဆုံးရှုံးကုန်ပြီဆိုတော့ လတ်တလော ပြည်သူလှူဒါန်းတာနဲ့ပဲ ဖြေရှင်းနေရတာပေါ့နော်” လို့ ပြောပါတယ်။
ရေလွှမ်းမိုးခံရတာ ကြာပြီဖြစ်တဲ့အတွက် နေအိမ်တွေက ပစ္စည်းတွေနဲ့ နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ရပြီး မိုးစပါးစိုက်ပျိုးတဲ့ တောင်သူတွေဖြစ်တာကြောင့် လာမယ့် ဆောင်းရာသီမှာ ရိက္ခာအတွက် အခက်အခဲတွေ ပိုရှိလာနိုင်တယ်လို့ သိရပါတယ်။
Clean Yangon အဖွဲ့မှ ကိုဇေယျာထွန်းက “ရေဘေးကြောင့် ကရင်နီနဲ့ မိုးဗြဲတဝိုက် ပင်လယ်ပြင်ကြီးလို ဖြစ်သွားတာ တွေ့ရတယ်။ အဲတော့ မိုးစပါးက မရဖို့ များသွားပြီ။ မိုးစပါးမရတဲ့အတွက် လာမယ့်ဆောင်းတွင်းမှာ စပါးရရှိမှုက အင်မတန်ခက်ခဲပြီ။ ပြည်မဘက်က ဆန်ဝင်ဖို့ကလည်း အကန့်အသတ်ရှိတယ်ပေါ့နော်။ လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် လာမယ့်ဆောင်းတွင်းမှာ ဆန်စပါးက ပြတ်လပ်ဖို့များနေတယ်” လို့ ပြောပါတယ်။
ရေဘေးကြုံတွေ့နေရချိန်မှာ စပါးခင်းတွေပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ဆန်တအိတ်ကို ၈၀,၀၀၀ ကျော် ဝန်းကျင်ကနေ ၁၀၀,၀၀၀ ကျော်အထိရှိလာပြီး ငွေကျပ် ၂၀,၀၀၀ ကျော် စျေးမြင့်တက်လာတယ်လို့ သိရပါတယ်။
ခုလက်ရှိအချိန်မှာ ရေအနည်းငယ် ပြန်ကျနေပေမဲ့ ပြည်သူတွေ ပြန်လည်နေထိုင်လို့မရသေးဘဲ ရေပြန်ကျသွားချိန်မှာလည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုတွေကို ကုစားဖို့ အတိုးမဲ့ချေးငွေ ကျပ် ၁ ဒသမ ၂၅ ဘီလီယံ ထုတ်ချေးပေးဖို့ စီစဉ် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။