Home
မြန်မာသတင်း
တနှစ်အတွင်း  ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် စစ်ကောင်စီ ထုတ်ရောင်း
DVB
·
November 8, 2024

နိုင်ငံခြားငွေကြေးတန်ဖိုးတွေအဆမတန်မြင့်တတ်လာတာကို ထိန်းညှိဖို့ စစ်ကောင်စီက နိုင်ငံခြား ငွေကြေးတွေကို ထုတ်ရောင်းခဲ့တာမှာ ၂၀၂၄ တနှစ်တည်းမှာပဲ ၁၅၈ ကြိမ်ထုတ်ရောင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ တရုတ်ယွမ် ၁၅၆ သန်းနဲ့ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ထုတ်ရောင်းခဲ့တယ်လို့ DVB ဒေတာအဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီက FX online market trading platform ကနေ နိုင်ငံခြားငွေကြေးတွေကို တိုက်ရိုက်ရောင်းချခဲ့တာဖြစ်ပြီး တလကို အကြမ်းဖျင်း ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိ လစဉ် ၁၀ လတိတိ ထုတ်ရောင်းနေခဲ့တာ ဖြစ်ပါတယ်။ 

အခု နိုဝင်ဘာလ ၆ ရက်ထိကို ဆက်တိုက်ရောင်းချပေးခဲ့တာမှာ အမေရိကန်ဒေါ်လာ ၁,၅၁၂,၉၀၇,၆၁၆၊ တရုတ်ယွမ် ၁၅၆,၄၀၃,၆၉၉ နဲ့ ထိုင်းဘတ် ၄,၄၆၈,၀၅၉,၆၂၆ ရောင်းချခဲ့တယ်လို့ DVB ဒေတာအဖွဲ့က ကောက်ယူထားပါတယ်။

အခွန်အကောက်က ရရှိတဲ့ ဝင်ငွေနည်းပါးတဲ့ စစ်ကောင်စီအတွက်ကတော့ ၁၀ လအတွင်း ရောင်းခဲ့တဲ့ ပမာဏက များလွန်းကြောင်း မြန်မာမဟာဗျူဟာနှင့် မူဝါဒရေးရာ အင်စတီကျူ့ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“သူတို့မှာ အခွန်အကောက်ကလည်းနည်းတယ်။ နောက်တခုက ဂတ်စ်ရောင်းပြီးရတဲ့ နိုင်ငံခြား ငွေကလည်း နည်းတယ်လေ။ အဲဒီကြားထဲ သူတို့က ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက်ထုတ်ရောင်းတယ် ဆိုတော့ တော်တော်များတဲ့ ပမာဏလို့ ယူဆလို့ရတယ်ပေါ့။ ကျနော်တို့ ကြားတာကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးချုပ် ဝမ်ယိ လာပြီးတဲ့နောက်‌ မြန်မာနိုင်ငံကို ဖြတ်သန်းနေတဲ့ တရုတ်ဂတ်စ် ပိုက်လိုင်းဖြတ်သန်းခကို ၂ နှစ်စာကြိုပေးခဲ့တာကြောင့် စစ်ကောင်စီဘက်က ဒေါ်လာ သန်း ၄၀၀ လောက် ရသွားတယ်ဆိုတဲ့ သတင်းမျိုးလည်း ကြားတယ် အတည်ပြုလို့တော့ မရဘူး။ အဲဒီနောက်ပိုင်း အခုလိုတွေ ထုတ်ရောင်းလာပြီး ဒေါ်လာဈေးလည်း ပြန်ကျလာတာကို တွေ့ရတယ်ဗျ။”

ဒေါ်လာက ဩဂုတ်လထဲမှာ စံချိန်တင် တဒေါ်လာကို ၇၀၀၀ ကျပ်နားထိ ရောက်ရှိခဲ့ပြီး အခုချိန်မှာတော့ ၄၅၀၀ ဝန်းကျပ်ကို ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေကြေးကို စစ်ကောင်စီက ထိမ်းချုပ်ပြီး လုပ်ဆောင်တာထက် ပြင်ပဈေးကွက်ပေါက်ဈေးအတိုင်း ထားရှိပေးတာ ပိုကောင်းကြောင်း ပြောပါတယ်။

ဒေါ်လာဈေးတွေ ကျဆင်းလာပေမဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းတာမျိုးမရှိတဲ့အပေါ် ဦးအောင်သူငြိမ်းသူက “တရုတ်နယ်စပ်ဂိတ်တွေကလည်း အခုချိန်မှာပိတ်နေတယ်၊ ထိုင်း-မြန်မာကုန်သွယ်ရေး အဓိကလမ်းကြောင်းကလည်း ပြန်မဖွင့်သေးဘူး၊ အဲတာထက် စစ်ကောင်စီက အခွန်အကောက်လိုချင်တာပေါ။ အဲတာကြောင့် တရားမဝင် တင်သွင်းတဲ့ ပစ္စည်းတွေ ဖမ်းတယ်ဆိုပြီးတော့ လုပ်တော့ လူသုံးကုန်ပစ္စည်းတွေကလည်း ရှားကုန်တယ်၊ ရှိတဲ့ပစ္စည်းတွေကလည်း ဈေးကြီးကုန်တာတွေဖြစ်တာပေါ့။ တဖက်ကလည်း ကျနော်နိုင်ငံက ကုန်သည်တွေပေါ့ တက်ပြီးရင် ပြန်မကျတာ အဲဒီလိုအခက်အခဲတွေ ရှိတာပေါ့” လို့ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုမှာတော့ အမေရိကန်ဒေါ်လာ ၄၄၅ သန်းရောင်းချခဲ့ပြီး ၂၀၂၂ ခုမှာတော့ ၂၉၅ သန်းနဲ့ ၂၀၂၃ ခုမှာတော့ ၇၄ သန်းသာ ရောင်းချနိုင်ခဲ့တာဖြစ်ပြီး အခုနှစ် ၁၀ လကျော်အတွင်းမှာ ရောင်းချနိုင်ခဲ့တာက အရင်နှစ် ၃ နှစ်ပေါင်းထက် ပိုများလာပါတယ်။

DVB ဒေတာအဖွဲ့ကတော့ ကျပ်ကနေ ရူပီး တိုက်ရိုက်ငွေပေးချေစနစ်ကို အကောင်အထည်ဖော်ပြီးတာကြောင့် FX online market trading platform ကနေ ဒေါ်လာ၊ ယွမ် နဲ့ ဘတ်အပြင်ကို အိန္ဒိယ ရူပီးကိုပါ ဆက်လက်ရောင်းချလာနိုင်တယ်လို့ ခန့်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013