နိုင်ငံခြားငွေဈေးတွေ အကျဘက်မှာ ရှိနေပေမဲ့ ပြည်တွင်း ငွေကြေးဈေးကွက်ထဲကို တရုတ်ယွမ် ၇ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ ထပ်ရောင်းချပေးဖို့ စစ်ကောင်စီ ဗဟိုဘဏ်က စီစဉ်နေပါတယ်။
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၇ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ကနိုဝင်ဘာ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ခဲ့တာပါ။
ဗဟိုဘဏ်အနေနဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း ဒေါ်လာ ၁၅ သန်း၊ ယွမ် ၁ သန်းခွဲနဲ့ ဘတ်သန်း ၁ဝဝ ကျော်ကို ထုတ်ရောင်းချပေးခဲ့ပါတယ်။
ပြင်ပငွေကြေးဈေးကွက်မှာ ဒေါ်လာ နဲ့ ယွမ်၊ ဘတ်ငွေဈေး အကျဘက်မှာ ရှိနေပေမဲ့ နိုင်ငံခြားငွေဈေးတွေ ဆွဲချချင်နေတဲ့ ဗဟိုဘဏ်က ဈေးကွက်ထဲကို သန်းနဲ့ချပြီး ဆက်တိုက် ထုတ်ရောင်းချပေးနေတာပါ။
ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေဈေးကို အကျဘက် ဆက်ထိန်းထားနိုင်ဖို့ ရည်ရွယ်ပြီး ဆက်လက် ထုတ်ရောင်းပေးနေတာလို့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ အခုနှစ် ဧပြီကနေ အောက်တိုဘာလအထိ ၇ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အား ရောင်းချပေးခဲ့တယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့ ပြင်ပငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာက တဒေါ်လာကို ၄၄၅၀– ၄၅၅ဝ ကျပ် ဝန်းကျင်ရှိနေပြီး တရုတ်ယွမ်က ၆၁၅ - ၆၃၅ ကျပ်ဝန်းကျင်၊ ထိုင်းဘတ်က ၁၂၉ – ၁၃၃ ကျပ် ဝန်းကျင် ရှိနေပါတယ်။