ထိုင်း-မြန်မာနယ်စပ် တာချီလိတ်နဲ့ မယ်ဆိုင်မြို့မှာ နိုဝင်ဘာ ၇ ရက်ညက တညလုံးမိုးရွာတာကြောင့် နိုဝင်ဘာ ၈ ရက်မှာ မယ်ဆိုင်ချောင်းရေပြန်ကြီးလာပြီး အနီးနားတဝိုက် ရေကြီးရေလျှံနေတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်ဆိုင်မှာ ဒီနှစ်ထဲ ရေကြီးမှုဒဏ်အကြိမ်ကြိမ်ခံရပြီး ရွှံ့နွံအကြွင်အကျန် အပျက်အစီးတွေ ရှင်းလင်းလို့မှ မပြီးသေးခင် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတားအနီးရှိ ဆိုင်လုမ်းဂျွိုင်း ဈေးထဲရေတွေ ဝင်နေပြီလို့ မယ်ဆိုင်ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံ နောက်တယောက်ကလည်း “တို့မယ်ဆိုင်ကတော့ လုပ်ပြန်ပြီ။ မိုးကလည်းရွာ၊ ရေတွေ ကကြီး၊ ဒီကြားထဲ မနေ့ညက ငလျင်လှုပ်လို့ အထိတ်တလန့်ဖြစ်ခဲ့ရသေးတယ်” လို့ ဆိုပါတယ်။
မယ်ဆိုင်တဘက်ကမ်း မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ကို ဗဟိုပြုပြီး မြေကြီးအနက် ၇ ကီလိုမီတာမှာ မနေ့ည ၁၁ နာရီ ၃၅ မိနစ်က မြေငလျင်လှုပ်ခတ်သွားခဲ့တယ်။ ကြာမြင့်ချိန် ၈ နဲ့ ၁၀ စက္ကန့်ကြားမှာရှိပြီး တုန်ခါမှုကို မယ်ဆိုင်၊ ချင်းရိုင်းတင်မကဘဲ ချင်းမိုင်ထိ သိရှိခံစားရတယ်၊ ပျက်စီးဆုံးရှုံးမှုအခြေအနေတော့ မသိရဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မယ်ဆိုင်မြို့ထဲ ရေပြန်ဝင်လာတာကြောင့် မယ်ဆိုင်မြို့နယ်မှူုးက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ရေစီးရေလာကောင်းမွန်စေဖို့ ရေလမ်းကြောင်းက တစ်ဆို့နေ့တဲ့အရာတွေ ဖယ်ရှားဖို့နဲ့ အရေးပေါ်အခြေအနေအတွက် အမြဲအသင့်ပြင်ထားဖို့ ပြောကြောင်း prachachat.net သတင်းမှာ ဖော်ပြပါတယ်။
မယ်ဆိုင်တဘက်ကမ်း တာချီလိတ်မြို့မှာလည်း မိုးရွာလို့ ရေကြီးပေမဲ့ အခြအနေမဆိုးရွား၊ သွားလာလို့ရနေသေးတယ်၊ မယ်ဆိုင်တံတားအောက် ယာယီနယ်စပ်ဖြတ်ကျော်လက် မှတ်ထုတ်ပေးတဲ့နေရာမှာလည်း ရေနည်းနည်းဝင်ပေမဲ့ ရုံးပိတ်တာတော့မရှိဘူးလို့ တာချီလိတ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။