Home
နိုင်ငံတကာ
အက်ကွေဒေါမှတင်ပို့သည့် ငှက်ပျောသီးကွန်တိန်နာအတွင်း ကိုကင်းမူးယစ်ဆေးများ စပိန်ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ
DVB
·
November 8, 2024
Photo-Reuters

အက်ကွေဒေါနိုင်ငံကနေ ငှက်ပျောသီးတွေ တင်ပို့လိုက်တဲ့ ကွန်တိန်နာထဲမှာ ဝှက်ထားတဲ့ ကိုကင်း မူးယစ်ဆေး မက်ထရစ်တန်ချိန် ၁၃ တန်ကို စပိန်နိုင်ငံတောင်ပိုင်း အလ်ဂျစီးရာ့စ်မြို့ ဆိပ်ကမ်းမှာ စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ 

အမျိုးသားရဲတပ်ဖွဲ့ ဗဟိုမူးယစ်တပ်ဖွဲ့ခွဲမှူး အန်တိုနီယို မာတီနက်ဇ် ဒွာတေးက “ဒီ ကိုကင်း ၁၃ တန်ကို စပိန်ဈေးကွက်အတွက်တင် ရည်ရွယ်တာ မကဘူးဆိုတာ ထင်ရှားပါတယ်။ စပိန်ဈေးကွက်ဟာ မူးယစ်ဆေးဝါး အများအပြားကို တပြိုင်နက်တည်း မကိုင်တွယ်နိုင်ကြောင်းနဲ့ ဒီဆေးကို ဥရောပတခွင် ဖြန့်ဖို့ ရည်ရွယ်ထားပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ကမ္ဘာ့အကြီးဆုံး ငှက်ပျောသီးတင်ပို့သူ အက်ကွေဒေါနိုင်ငံရဲ့ ရဲတပ်ဖွဲ့မှ သံသယဖြစ်စရာ ကုန်သေတ္တာလမ်းကြောင်းမှာ ထွက်လာနေပြီ ဖြစ်ကြောင်း သတိပေးချက် ရရှိအပြီးမှာ စပိန်ရဲတပ်ဖွဲ့ဟာ သတိထား စောင့်ဆိုင်းနေခဲ့တာပါ။ 

မဲဒူဆာ ကွန်တိန်နာ စကင်နာနဲ့ စစ်ဆေးကြည့်ရှုလိုက်တာမှာ ကုန်ပစ္စည်းတွေကြားမှာ ငှက်ပျောသီး မဟုတ်တဲ့ ပစ္စည်းအထုပ်တွေကို သစ်သား ပဲလစ်ပြားတွေကြားထဲ ထည့်ထားတာကို တွေ့ခဲ့ရပြီး၊ အဲဒီအထုပ်တွေထဲမှာ ဆေးပြားအမြောက်အမြားကို တွေ့ရတယ်လို့ အကောက်ခွန် ထောက်လှမ်းရေး မန်နေဂျာ၊ ဒန်နီယယ် မွန်တက်ဆီနိုစ်က ပြောပါတယ်။

မန်နေဂျာ ၂ ဦးနဲ့ လည်ပတ်နေတဲ့ သွင်းကုန်ကုမ္ပဏီမှ ဒီကုန်သေတ္တာ တင်ပို့မှုကို လက်ခံရယူမယ့် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်း မူးယစ်တပ်ဖွဲ့ခွဲမှူး မာတီနက်ဇ် က ပြောပါတယ်။ 

၂၀၂၃ ခုနှစ်က ဥရောပမှာ စတုတ္ထအကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းဖြစ်တဲ့ အလ်ဂျစီးရာ့စ်မြို့မှာပဲ ကိုကင်း ၉ ဒသမ ၄ တန် တွေ့ရှိခဲ့တဲ့ စပိန်နိုင်ငံရဲ့ အရင်စံချိန်ဟောင်းကို အောက်တိုဘာ ၁၄ ရက်က တွေ့ရှိခဲ့တဲ့ အဲဒီပမာဏက ချိုးဖျက်ခဲ့ပါတယ်။ 

စပိန်မှာ အကြီးမားဆုံး ကိုကင်း ဖမ်းဆီးရမိမှုဟာ ဥရောပမှာ ဒုတိယမြောက်ဖြစ်ပြီး၊ ကမ္ဘာ့တတိယမြောက် ကိုကင်းဖမ်းဆီးရမိမှုလို့လည်း ပြောလို့ရကြောင်း စပိန် ဗဟို မူးယစ်ဆေးဝါးတပ်ဖွဲ့ အကြီးအကဲ အန်တိုနီယို မာတီနက်ဇ် ဒွာတေးက ပြောကြားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013