Home
မြန်မာသတင်း
ဖက်ဒရယ်ဆွေးနွေးပွဲ တက်ရန် နိုင်ငံရေးပါတီများနှင့် NCA အပစ်ရပ်အဖွဲ့အချို့  အိန္ဒိယရောက်   
DVB
·
November 6, 2024
Photo: ပြည်သူ့ပါတီ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပမယ့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့  မြန်မာနိုင်ငံက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) တချို့ဟာ အိန္ဒိယမှာ ရောက်ရှိနေပါတယ်။ 

ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၁၁ ပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့အပါအဝင် စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးစင်တာ(CPR) အဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာပါ။

အိန္ဒိယမှာ လုပ်မယ့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကတော့ နိုင်ငံရေးအမြင်မတူတဲ့ အစုအဖွဲ့တွေနဲ့ တစားပွဲတည်း ထိုင်ဖို့ မဖြစ်နိုင်သေးတာကြောင့် အစုအဖွဲ့အလိုက် ဖိတ်ကြားတဲ့ အခြေအနေဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဗွီဘီကိုပြောပါတယ်။ အိန္ဒိယရဲ့ အခုလိုမျိုးမြန်မာ့အရေးကို စိတ်ဝင်စားလာမှုအပေါ်ကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတက်ဖို့အတွက် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ရောက်ရှိနေတာပါ။

စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့တော့ တရုတ်အနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြု လက်ခံတာမျိုး မဖြစ်အောင် ကန့်ကွက်စာပေးပို့ထားသလို တဖက်သတ်ဆက်ဆံတာမျိုး မလုပ်ဖို့လိုတယ်လို့လည်း NUG က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်မှုရှည်လျားတဲ့ အင်အားကြီး တရုတ်နဲ့ အိန္ဒိယ  ၂ နိုင်ငံရဲ့ လက်တလော ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါက်ဇင်မာအောင်ကတော့ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ ပြောပါတယ်။

အိန္ဒိယနဲ့ တရုတ်ရဲ့ ဆောင်ရွက်မှုတွေကို ကြည့်ရင် အားလုံးက မြန်မာ့အရေးကို စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ်လာအောင် တွန်းနေတာကို တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

တရုတ်ဘက်ကတော့ NUGနဲ့ အနောက်နိုင်ငံတွေနဲ့ နီးစပ်မှာကို စိုးရိမ်မှုရှိပေမဲ့ NUGရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ အားလုံးနဲ့ထိတွေ့ဆက်ဆံမယ်လို့ ပြောဆိုထားတာကြောင့် နှစ်ဘက်ထိတွေ့ဆက်ဆံမှုတွေ ရှိလာမှာပဲလို့လည်း ဆိုပါတယ်။

လက်ရှိ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးချဉ်းကပ်ဆောင်ရွက်မှုကိုကြည့်ရင် တွေ့ဆုံ ဆွေးနွေးရေးနဲ့ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲလမ်းကြောင်းကနေ မြန်မာ့အရေးပြန်တည်ငြိမ်အောင်လုပ်ဖို့ဆိုတဲ့ လမ်းကြောင်းကနေ ကြိုးစားနေတဲ့သဘောလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးစိုင်းကြည်ဇင်စိုးကလည်း သုံးသပ်ပြောပါတယ်။ 

တဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေး ၃ နှစ်ကျော်ကြာလာတဲ့အထိ အားလုံးကို ကိုယ်စားမပြုနိုင်သေးတာကြောင့် တော်လှန်ရေး အင်အားစုတွေအားလုံးရဲ့ အသံကို ကိုယ်စားပြုနိုင်ဖို့ကို ဆောင်ရွက်ဖို့လိုတယ်လို့လည်း တိုက်တွန်းပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံဆက်ဆံရေးပိုပြီးတိုးမြှင့်လုပ်ဆောင်ဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေးကိစ္စတွေမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့တွေကို ဆွေးနွေးသွားဖို့ရှိနေတယ်လို့ စစ်ကောင်စီမီဒီယာတွေက ဖော်ပြပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013