အိန္ဒိယနိုင်ငံ၊ ဥတ္တရာခန်ပြည်နယ်မှာ ဘတ်စ်ကားတစီး ချောက်နက်ထဲ ထိုးကျသွားလို့ လူ ၃၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
မီဒီယာသတင်းဖော်ပြချက်တွေအရ ဘတ်စ်ကားဟာ ဂါရ်ဝါလ် ခရိုင်ကနေ ရမ်နဂါမြို့ကို ဦးတည်သွားနေခဲ့တာဖြစ်ပြီး ခရီးသည် ၄၂ ယောက်ထက်မနည်း လိုက်ပါစီးနင်းခဲ့ကြောင်း သိရပါတယ်။
နောက်ဆုံးရသတင်းတွေအရ ဒီဖြစ်ရပ်မှာ လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး သူတို့ရဲ့ နာမည်နဲ့ နေရပ်လိပ်စာတွေကို စစ်ဆေးနေကြောင်းနဲ့ ဒဏ်ရာရ ခရီးသည်တချို့ကိုလည်း ရီရှီကက်ရှ်မြို့ရှိ အောလ်အိန္ဒိယ ဆေးသိပ္ပံအင်စတီကျု (အစိုးရဆေးရုံ) ကို ရွှေ့ပြောင်းထားကြောင်း ဥတ္တရာခန်ပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အဘီနာ့ဗ် ကူးမားက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးမြောက်ခဲ့ပြီလို့လည်း ဆိုပါတယ်။
ဥတ္တရာခန်ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကာဆင်းန် ဒါမိက ဒီဖြစ်ရပ် ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ်လို့ X လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
Source : Reuters