အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်ရဲ့ ဘိုးဘွားတွေ နေထိုင်ရာ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ် သူလာရှိမ် ရာပူရမ်ရွာမှာ ဟိန္ဒူဘုန်းကြီးတစ်ပါးက အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဟားရစ် အနိုင်ရရှိရေးအတွက် ဝတ်ပြုဆုတောင်းသံတွေ၊ ခေါင်းလောင်းသံတွေ၊ ပန်းတွေနဲ့ ငှက်ပျောသီးတွေ ကပ်လှူ ပူဇော်ရင်း နိုဝင်ဘာ ၅ ရက်မှာ ဆုတောင်းပေးခဲ့ပါတယ်။
ဘုရားကျောင်း အခမ်းအနားကို ဒေသခံရွာသားတွေက စီစဉ်ပြီး ရွာခံ ဒါဇင်ကျော်နဲ့ ခရီးသွား ဧည့်သည်တချို့တက်ရောက်ခဲ့ပါတယ်။ ဟားရစ်ရဲ့ အမေဘက်က အဘိုး P.V ဂိုပါလန်ဟာ ပြည်နယ်မြို့တော် ချန်နိုင်းကို မပြောင်းခင် ဒီရွာမှာ လွန်ခဲ့တဲ့ ရာစုကျော်က မွေးခဲ့တာပါ။ သူ အငြိမ်းစားယူချိန်မှာ အဆင့်မြင့်အစိုးရအရာရှိတယောက် ဖြစ်နေပါပြီ။
ဗိမာန်တော်မှာ သူ့အဘိုးနဲ့အတူ အများသူငှာ လှူဒါန်းမှုတွေကို စာရင်းပြုစုတဲ့ ကျောက်တုံးပေါ်မှာ ဟားရစ်ရဲ့ နာမည်ကို ရေးထိုးထားပါတယ်။ ဘုရားကျောင်းအပြင်မှာ ရွေးကောက်ပွဲမှာ အောင်မြင်ပါစေလို့ ဆန္ဒပြုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူထားပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ဟားရစ်ရဲ့ ဒီမိုကရက်တစ်ပါတီအတွက် အောင်ပွဲရဖို့ ဒေသခံတွေက ဆုတောင်းခဲ့ကြတာပါ။ အမေရိကန် ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာတော့ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အစားအစာဝေငှရင်း အောင်ပွဲခံခဲ့လို့ လွန်ခဲ့တဲ့ ၄ နှစ်က တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။
အင်္ဂါနေ့က ရွာတွင်း ဆုတောင်းပွဲတွေဟာ ကာမာလာ ဖရစ်ကင်း ဟားရစ်လို့ ရေးထားတဲ့ အင်္ကျီကို ဝတ်ထားတဲ့ အမေရိကန် နှစ်ယောက်နဲ့ ဗြိတိန်အမျိုးသမီးတစ်ဦး အပါအဝင် လက်တစ်ဆုပ်စာ ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပါတယ်။
ဟားရစ်ဟာ ပညာသင်ဖို့ အမေရိကန်ပြည်ထောင်စုဆီ ပြောင်းရွှေ့အခြေချလာခဲ့တဲ့ အိန္ဒိယမိခင်နဲ့ ဂျမေကန်ဖခင် တို့ကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။ သူဟာ အသက် ၅ နှစ်အရွယ်မှာ သူလာရှိမ် ရာပူရမ်ရွာဆီ သွားရောက်လည်ပတ်ခဲ့ပြီး ချန်နိုင်း ကမ်းခြေမှာ အဘိုးနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်လို့ ပြောခဲ့ဖူးပါတယ်။
လတ်လော ရေတွက်ပြီးသလောက် မဲရလဒ်တွေအရ ဟားရစ်ရဲ့ ပြိုင်ဘက် ဒေါ်နယ်ထရမ့်က အသာရနေပြီး ရွေးကောက်ပွဲ အနိုင်ရဖို့ နီးစပ်လာနေပါတယ်။
Source: Reuters