အမေရိကန်ပြည်နယ် အများအပြားရှိ မဲရုံတွေကို ပစ်မှတ်ထားတဲ့ ဗုံးခြိမ်းခြောက်မှုတွေဟာ နိုဝင်ဘာ ၅ ရက်မှာ ရုရှား အီးမေးလ်ဒိုမိန်းတွေကနေ အစပြု ပေါ်ပေါက်လာတယ်လို့ ဖက်ဒရယ်စုံစမ်းရေးဗျူရို FBI က ပြောပါတယ်။
အခုချိန်ထိတော့ ခြိမ်းခြောက်မှုတွေဟာ ယုံကြည်ရလောက်တယ်လို့ မသတ်မှတ်ရသေးကြောင်း FBI မှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ရွေးကောက်ပွဲဂုဏ်သိက္ခာဟာ ဗျူရိုရဲ့ အမြင့်ဆုံးဦးစားပေးတွေထဲမှာ ပါဝင်ကြောင်းလည်း ဆိုပါတယ်။
FBI ဟာ ဘယ်ပြည်နယ်တွေ ဗုံးခြိမ်းခြောက်မှု ခံရတယ်ဆိုတာကို အသေးစိတ် မဖော်ပြထားပေမဲ့ ဂျော်ဂျီယာပြည်နယ် တခုတည်းမှာတင် ခြိမ်းခြောက်မှု ၂ ဒါဇင်ကျော် ရရှိခဲ့ပြီး အများစုမှာ ဖှူလ်တန်ကောင်တီမှာ ဖြစ်ကြောင်း တာဝန်ရှိသူတယောက်က ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်နေတဲ့ ဂျော်ဂျီယာပြည်နယ်မှာ အယောင်ဆောင် ဗုံးခြိမ်းခြောက်မှုတွေနဲ့ ပစ်မှတ်ထားခံရတဲ့ မဲရုံ ၂ ခုကို အင်္ဂါနေ့က ခဏ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဖှူလ်တန်ကောင်တီရှိ အဲဒီ ၂ နေရာ လုံးကို မိနစ် ၃၀ လောက်အကြာမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး နယ်မြေရုံးဟာ နောက်ဆုံးမဲပေးချိန် သတ်မှတ်ထားတဲ့ ည ၇ နာရီကနေ နောက်ပိုင်းအချိန် တိုးပေးဖို့ ခရိုင်တရားရုံးရဲ့ အမိန့်ကို တောင်းခံနေပါတယ်။
ဂျော်ဂျီယာပြည်နယ်က ရီပတ်ဘလစ်ကန် နိုင်ငံခြားရေးဝန်ကြီး ဘရဒ်ရာဖှန်စပါဂျာက ရွေးကောက်ပွဲနေ့မှာ လိမ်လည် ဗုံးခြိမ်းခြောက်မှုတွေအတွက် ရုရှားရဲ့ ဝင်ရောက် စွက်ဖက်မှုကို အပြစ်တင်ခဲ့ပါတယ်။
ဂျော်ဂျီယာ ဗုံးခြိမ်းခြောက်မှုတွေဟာ အရင် အမေရိကန်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားတဲ့ ရုရှားတို့ အသုံးပြုခဲ့တဲ့ အီးမေးလ် လိပ်စာတွေကနေ ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ ရာဖှန်စပါဂျာရဲ့ ရုံးမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ခြိမ်းခြောက်မှုတွေကို အမေရိကန် မီဒီယာတွေနဲ့ မဲရုံ ၂ ရုံကို ပေးပို့ခဲ့တာဖြစ်ပြီး ဖြစ်နိုင်ခြေက ရုရှားပဲလို့ ဆိုပါတယ်။
ဝါရှင်တန်ရှိ ရုရှားသံရုံးက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။ အတုအယောင် ဗုံးခြိမ်းခြောက်မှုတွေဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားတို့ရဲ့ စွက်ဖက်မှုလို့ စွပ်စွဲထားတဲ့ နမူနာများစွာထဲမှ နောက်ဆုံးဖြစ်တယ်လို့ မှတ်သားထားပါတယ်။
အရင် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွေမှာ အထူးသဖြင့် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်ကို ထရမ့်ပ် အနိုင်ရခဲ့တဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက စွပ်စွဲထားပါတယ်။
Source: Reuters