အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မဲတွေအားလုံးကို ရေတွက်လို့ မပြီးသေးပေမဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က အနိုင်ရတဲ့အကြောင်း ကြေညာလိုက်ပါတယ်။
မြောက်ကာရိုလိုင်းနား၊ ဂျော်ဂျီယာနဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်တို့က အရေးပါတဲ့ မဲဆန္ဒနယ်မြေတွေမှာအနိုင်ရပြီးနောက်မှာ ထရမ့်ပ်ရဲ့ အောင်ပွဲခံ မှတ်ချက်စကား ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
“ခင်ဗျားတို့ရဲ့ ၄၇ ယောက်မြောက်နဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရလို့ ထူးထူးခြားခြား ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့နိုင်ငံမှာ တခါမှမမြင်ဖူးသေးတဲ့ နိုင်ငံရေးအောင်ပွဲတရပ်ဖြစ်တယ်”လို့ ထရမ့်ပ်က သူ့ထောက်ခံသူတွေကို ပြောပါတယ်။
ထရမ့်ပ်ဟာ လက်ရှိ ၄၆ ယောက်မြောက် အမေရိကန်သမ္မတ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင် မတိုင်ခင်က သမ္မတဖြစ်ခဲ့တာကို ရည်ညွန်းပြီး ပြောဆိုခဲ့တာပါ။
ဒေါ်နယ်ထရမ့်က "ခင်ဗျားအတွက်၊ ခင်ဗျားရဲ့မိသားစုနဲ့ ခင်ဗျားရဲ့အနာဂတ်အတွက်ကျနော် တိုက်ပွဲဝင်မှာပါ၊ ကျနော်တို့ရဲ့ ကလေးတွေနဲ့ ထိုက်တန်တဲ့ ခိုင်ခံ့လုံခြုံပြီး ချမ်းသာကြွယ်ဝတဲ့ အမေရိကကို ကျနော်တို့ မကယ်တင်ပြီးမချင်း အနားယူမှာမဟုတ်ဘူး”လို့ ပြောပါတယ်။
မြန်မာစံတော်ချိန် ညနေ ၅ နာရီလောက်အထိ ရေတွက်ပြီး သလောက်မဲရလဒ်တွေအရ ဒေါ်နယ်ထရမ့်ပ်က ၅၁ ရာခိုင်နှုန်းကျော် ( ၂၇၇ မဲ) ရရှိကာ ကမ်မလာဟားရစ်ကတော့ ၄၇ ဒသမ ၄ ရာခိုင်နှုန်း ( ၂၂၄ မဲ) ရရှိတယ်လို့ AP သတင်းမှာဖော်ပြပါတယ်။ ဒါကြောင့် ဒေါ်နယ်ထရမ့်က အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ထက်ကျော်လွန် ရရှိသွားတာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ပ့် အနိုင်ရပြီး တကျော့ပြန် သမ္မတဖြစ်လာမှာနဲ့ ပတ်သက်လို့ ဂုဏ်ယူဝမ်း မြောက်ကြောင်း ဂျာမနီ၊ စပိန်၊ စတဲ့ ဥရောပနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မှတ်ချက်တွေ ပေးနေကြပါတယ်။
Source: Reuters