Home
မြန်မာသတင်း
မိုးကုတ်တွင် TNLA က အသေးစားကျောက်မျက်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြု
DVB
·
November 6, 2024

TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ မိုးကုတ်မှာ အသေးစားကျောက်မျက်တူးဖော် ခွင့်လုပ်ငန်းတွေကို ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

စက်တင်ဘာလကစပြီး ပတ္တမြားမြေ မိုးကုတ်မြို့မှာ အသေးစားကျောက်မျက်တူးဖော်ခွင့်တွေကို ဒေသခံပြည်သူလူထုတွေ စားဝတ်နေရေးအဆင်ပြေစေဖို့နဲ့ အလုပ်အကိုင်အခွင့်အ လမ်းတွေရရှိစေဖို့ ထိုက်သင့်တဲ့ အခွန်နှုန်းထားတွေနဲ့ပြန်လည်ခွင့်ပြုပေးထားပြီး အကြီးစား ကျောက်မျက်လုပ်ငန်းတွေကိုတော့ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။

“ကျောက်မျက်ရတနာ တူးဖော်ရေးနဲ့ပတ်သက်ပြီးတော့မှ ကိုးလပိုင်းကနေစပြီး အထူးသဖြင့် ဒေသခံတွေ၊ လက်လုပ်လက်စားတွေအတွက် အသေးစားလုပ်ငန်းတွေကို ခွင့်ပြုထားတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေကိုတော့ ကျမတို့ ခွင့် ပြုထားတာမျိုး မရှိသေးပါဘူး။ အခွန်အခကိုတော့ ကျမတို့သတ်မှတ်ပေးထားတာမျိုးမဟုတ်ဘဲ အဲ့ဒီလုပ်ငန်းတွေကို ဦးဆောင်တဲ့ သူတွေက အဆင်ပြေနိုင်နှုန်းပမာဏကို ပေးဆောင်တာဖြစ်ပါတယ်။” 

အသေးစားကျောက်မျက်တူးဖော်ရေး လုပ်ကိုင်မယ့်သူတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး ကျောက်မျက်တူးဖော်ခွင့်အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်ကိုရယူရမယ်လို့ TNLA က သတ်မှတ်ထားပါတယ်။

ခွင့်ပြုချက်ရပြီးသူတွေအနေနဲ့ မြေခွန်၊ မြေတွင်းကတ်၊ ဂဲတွင်းကတ်ကိုင်ဆောင်သူတွေဟာ တနှစ်အတွင်း တတွင်းသာ တူးဖော်ခွင့်ရမှာဖြစ်ပြီး တချိန်တည်း တပြိုင်တည်း နှစ်တွင်းတူးဖော်လို့ မရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မိုးကုတ်မြို့ခံတယောက်က “စစ်တပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကိုတော့ TNLA ဘက်က ဘယ်လိုရင်းနှီးမြှုပ်နှံတယ်၊ ဘယ်လိုစီးဆင်းလဲဆိုတာတွေကို စိစစ်နေလို့ ခွင့်မပြုသးတာလို့ ကြားရတယ်။ လောလောဆယ် အသေးစားလုပ်ငန်းတွေအတွက် ပြန်ခွင့်ပြုတာတော့ ကောင်းပါတယ်။ ကျောက်တွင်းတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူတွေ အလုပ်မရှိတာ လနဲ့ချီနေပြီဆိုတော့လေ။ တချို့ဆိုရင် တိုက်ပွဲတွေ ဖြစ်ကတည်းက အလုပ်မရှိ၊ စားဝတ်နေရေး မပြေလည်လို့ ပြန်သွားကြရတဲ့သူတွေတောင်ရရှိတယ်” လို့ ပြောပါတယ်။

ကျောက်မျက်ရတာနာ အကြီးစား တူးဖော်ခွင့်ပိတ်ထားတဲ့ နေရာတွေကတော့  ပတ္တမြား နဂါးကုမ္ပဏီ၊ ရတနာရှင် ကုမ္ပဏီများအားလုံး၊ ပြောင်းပြင်ရွာ ဝန်းထရံဂဲတွင်း (မြေတွင်းလုပ်ခွင့်ပြု)၊ အုန်းပင်(ကသဲကျောက်ဆောင်)၊ ဂေါက်ကွင်း (မိုးကုတ်)၊ ဗာ ဂါးသစ်တောကြိုးဝိုင်း၊ ဇမ္မူကျော်အောင်၊ သက်နိုင်အောင်၊ ကျန်မိသားစုကုမ္ပဏီ ကျောက်ဆောင် (၆) ခ  ဘုံခေါင်း (၆) တို့ဖြစ်တယ်လို့ TNLA က ကြေညာထားပါတယ်။

မိုးကုတ်မြို့ ဒေသခံတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ တပိုင်တနိုင် ကျောက်မျက်တူး ဖော်ခွင့်တွေ ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က မိုးကုတ်မြို့ခံ ပြည်သူတွေနဲ့ သြဂုတ် ၁၈ ရက် တွေ့ဆုံချိန်မှာ ကတိပြုခဲ့ပါတယ်။

ဇွန် ၂၅ ရက်က စတင်ကာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တလပြည့်မှာ မိုးကုတ်မြို့နယ်တခုလုံးကို TNLA က တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မိုးကုတ်မြို့ကို TNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီအတွက် ဒေါ်လာသန်းချီ ရှာပေးနိုင်တဲ့ ကျောက်တွင်းလုပ်ကွက်တွေ ရပ်ဆိုင်းခဲ့ရတာဟာ စစ်အုပ်စုအတွက် ထိုးနှက်မှုတခု ဖြစ်လာခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013