(က)
“မူးသာရေ . . ဟိုဒေါက်တာ . . ဘယ်သူ . . အဖမ်းခံလိုက်ရတယ်ဆိုတာ အဟုတ်လား။” “ကိုယ်တော်ပြောတာ နားမရှင်းဘူး ဘုရာ့၊ ကြင်စိုး သာဝ မအလ ဖမ်းပြီး ထောင်တွေထဲ ထည့်ထားခံရတဲ့ ဆရာဝန်တွေက အများကြီးမဟုတ်လား။”
“ဟိုဟာကွာ . . . ဦးသန်းရွှေသမက်ဆိုတဲ့ ဒေါက်တာလေကွာ။”
“သူလား . . . ဖိုးလပြည့်အဖေ ဒေါက်တာနေစိုးမောင်ကို ပြောတာလား ဘုရား။”
“အေး အေး . . ဟုတ်တယ်ကွ၊ သူ့ကိုဘာဖြစ်လို့ ဖမ်းတာလဲကွ၊ ဦးသန်းရွှေသမက်ပဲဟာကို။”
“ဦးသန်းရွှေသမက်မကလို့ ဦးသန်းရွှေကိုယ်တိုင်ဖြစ်နေရင်တောင်မှ မအလက ဖမ်းမှာ။”
“ဘာ့ကြောင့် ဖမ်းမှာလဲဟ လုံးတုံးရ။”
“ဘာ့ကြောင့်ဖြစ်ရမလဲဘုရာ့၊ မအလက သူ့ကို အမှန်အတိုင်းဝေဖန်တဲ့သူ ဘယ်သူ့ကိုမဆို ဖမ်းမယ်၊ ရိုက်မယ်၊ နှက်မယ်၊ နှစ်ရှည်ထောင်ချမယ်၊ သေဒဏ်ပေးမယ်၊ သတ်မယ်။”
“ဟေ . . . .”
“အခုနေ သူ့ဆရာ ဦးသန်းရွှေက သူ့လုပ်ရပ်တွေကို ထထက်ပြီးများ ထောက်ပြလိုက်ရင် ဆရာသမားလဲ ' ဂျေး ' ထဲပဲ ဘုရာ့။”
“ဒါနဲ့ ခုနက ဒေါက်တာနေစိုးမောင်က သူ့ကို ဘယ်လိုတွေ ဝေဖန်ခဲ့လို့လဲ မူးသာရ။”
ထိုအခါ အဘစောမူးသာနှင့် အဘလုံးတုံးတို့က ရှင်းပြကြပါ၏။ ယခုဖြစ်ရပ်မှာ NLD ရဲ့ ဒုဥက္ကဋ္ဌ ဒေါကတာဇော်မြင့်မောင့်နာရေးနဲ့ ဆက်နွှယ်နေပါကြောင်း ပြောပြကြပါ၏။ မန္တလေးတိုင်း ဝန်ကြီးချုပ်ကွယ်လွန်တော့ မန္တလေးတမြို့လုံးသာမက တနိုင်ငံလုံးက ဝမ်းနည်းကြေကွဲမှုနဲ့အတူ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာတွေရေးသားခဲ့ကြစဉ်မှာ ယခု ဦးသန်းရွှေသမက်လည်း ပါဝင်ခဲ့ကြောင်း ပြောပြကြပါ၏။
"သူက ဘယ်လိုရေးသားခဲ့လည်းဆိုတော့ ခံစားချက်တွေ ပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်၊ ကိုယ့်ပြည်သူတွေအတွက် ကိုယ်တာဝန်ယူတဲ့ဒေသ တိုးတက်အောင် အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့ ဆရာနေမကောင်းတဲ့ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ် ဆရာ၊ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့ အိပ်စက် အနားယူပါတော့ဆရာ၊ နောင်ဘဝမှာ လူဖြစ်ခဲ့ရင် လွတ်လပ် တရားမျှတပြီး လူကို လူလိုဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာတဲ့ ဘုရာ့။”
“အဲ . . . အဲသည်အထဲမှာ မအလ . . . အဲလေ . . . တပ်ချုပ်ကြီးကို ဝေဖန်ထားတာလည်း တလုံးမှ မတွေ့ရပါလား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
(ခ)
စိမ်းသရဖူစိမ်း ဆရာတော်နှင့် စိမ်းသရဖူစိမ်း ဒကာကျော် အဘစိမ်းမောင်တို့မှာ အစွန်းရောက် ‘အစိမ်းတိမ်လွှာ’ ဖုံးအုပ်နေဆဲဖြစ်သဖြင့် ၎င်းတို့၏အမြင်များမှာ ရှင်းလင်းမှုမရှိသေးကြောင်း အရွှင်အဘတွေက မျက်လုံးများဖြင့် စကားလှမ်းပြောကြပါလေ၏။
“ဘာပဲဖြစ်ဖြစ်လေ၊ တန်ဖိုးရှိတဲ့လူတယောက်၊ အဖိုးတန်တဲ့လူတယောက်၊ လူသားတွေကို အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တဦး ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါ 'နှမြော' ကြတာ လူတွေရဲ့ တုံ့ပြန်မှုပါဘုရာ့။"
“မူးသာ ပြောတာ အမှန်ပဲဘုရာ့၊ ပြည်သူလူထုနဲ့ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းရွက်သယ်ပိုးသွားခဲ့သူတွေကို လူထုက ချစ်တယ်၊ ခင်တယ်၊ လေးစားတယ်၊ နှမျော တသကြတယ် ဘုရာ့။”
“လုံးတုံးပြောတော့ ဆရာရှုမဝဦးကျော် ပြောခဲ့တဲ့စကားကို သွားသတိရမိတယ်။"
“ရှုမဝဦးကျော်ဆိုတာ ရှုမဝမဂ္ဂဇင်း ကို တည်ထောင်ခဲတဲ့ ဆရာကြီးလား။”
“ဟုတ်တယ်ကွ ဖေကြီးရ၊ နောက်ပိုင်းမှာ ဇော်ဝမ်း တို့ ရှုမဝစမ်းစမ်းအေး တို့ကို အောင်မြင်စွာ မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာကြီးပေါ့။”
“သူက ဘယ်လို ပြောခဲ့တာလဲ။”
လူတယောက်ဆုံးရင် ‘ဖြစ်မှဖြစ်ရလေကွာ၊ ဒီလိုလူမျိုး နှမျောဖို့ကောင်းလိုက်တာ” လို့ အများက ဝိုင်းပြီးပြောကြရင် ဗေဒင်မေးမနေနဲ့၊ အဲဒီလူ ‘အထက်’ ကို တက်ပြီတဲ့။
“ဟုတ်ကဲ့ အဘ။”
“ဂန့်ပြီလား၊ ဒီလိုလူမျိုး သေတာနောက်ကျလိုက်တာ” လို့ ဝိုင်းပြီးပြောကြပြီဆိုရင်တော့ ဗေဒင်မေးမနေနဲ့၊ အဲဒီလူ 'အောက်' ကိုသွားပြီတဲ့။
“အထက်တို့၊ အောက်တို့ ဆိုတာ ဘာကိုပြောတာလဲ မူးသာ။”
“ဒီလိုကွ စိမ်းမောင်ရ၊ အခု ဆရာဒေါက်တာဇော်မြင့်မောင်ဆိုရင် အထက် ‘နတ်ပြည်’ ကိုတက်ပြီ၊ အကယ်၍ မင်းတို့အဘ မအလသေပြီဆိုရင် အောက်အရပ် ‘ငရဲပြည်’ ကို ဆင်းပြီး အမြဲတမ်းနေထိုင်ခွင့်ရပြီလို့ ပြောတာပါတဲ့ဗျား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
စကားဝိုင်းကား တဟားဟားဖြင့်။ လူ့အဖိုးတန်နှင့် လူယုတ်မာတို့၏ ကွာဟချက်များကို ဆက်လက်ပြောဆိုနေကြလေရာ အရွှင်အဘတွေက “ဖေကြီး မှတ်မိတာလေးတွေရှိရင်လည်း မျှပါအုံးဟ” ဟု ဆိုလာပါသဖြင့် ပြောပြဖြစ်ပါ၏။
“လူတယောက်သေဆုံးသွားတဲ့အခါ လူအများစုကြီးက ဝမ်းနည်းကြတယ်၊ နှမျောကြတယ်ဆိုရင် သေသူဟာ တန်ဖိုးရှိတဲ့ လူကောင်းတယောက်ပဲ” တဲ့ အဘ။
“အမှန်ပေါ့ကွ”
“လူတယောက်သေဆုံးသွားတဲ့အခါ လူအများစုကြီးက ဝမ်းသာကြတယ်၊ ကျိန်ဆဲကြတယ်ဆိုရင် သေသူဟာ တန်ဖိုးမရှိသူ လူယုတ်မာတယောက်ပဲတဲ့။”
“မှန်လိုက်လေ ဖေကြီးရာ”
“သူ့ထက်ဆိုးတာက ရှင်နေတုန်းလူတယောက် ရှိမယ်၊ သူ့ကို မသေခင်တည်းက ဒီကောင်ကြီး မြန်မြန်သေပါတော့လား၊ သေမင်းရယ် ဒင်းကို အမြန်သာခေါ်ပါတော့လားလို့ တတိုင်းပြည်လုံးက မေတ္တာပို့နေပြီဆိုရင်တော့ လောကကြီးမှာ ဒင်းထက်ဆိုးသွမ်းယုတ်မာသူ ပြိုင်ဘက်မရှိဘူးလို့သာ မှတ်ကြပါတော့တဲ့။”
“မအလလို အကောင်မျိုးပေါ့ ဘုရား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
(ဂ)
အဘစောမူးသာက ကဗျာဆရာမင်းထင်ကိုကိုကြီး၏ ထိထိမိမိ ရှိလှသည့် ‘ဈာပန’ ဆိုသည့်ကဗျာလေးကို ရွတ်ပြပါလေ၏။
“လူတယောက် ဘယ်လို ရှင်သန်ခဲ့သလဲဆိုတာ သူ့ဈာပနမှာ မြင်ရတယ်။”
ပြည်သူလူထုချစ်သည့် နိုင်ငံ့ခေါင်းဆောင်များ၊ စာပေ ဂီတ သဘင် ရုပ်ရှင် အနုပညာရှင်များ ကွယ်လွန်သွားကြသည့်အခါ ဂါရဝပြုကာ လိုက်လံပို့ဆောင်ကြသည့် လူထုမှာ ပြည့်ကြပ်နေပြီး တိုးမပေါက်အောင် စည်ကားတတ်ကြောင်း ပြောပြကြပါ၏။
“ဗိုလ်ချုပ်တို့တွေကစလို့ ရွှေမန်းတင်မောင် အလယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဒေါ်ခင်ကြည်၊ နောက် တွံတေးသိန်းတန်၊ ပြေငြိမ်း၊ ဆရာဦးဝင်းတင်ကနေ အခု ဆရာဒေါက်တာဇော်မြင့်မောင်အထိ ကြည့်စမ်းပါကွာ။”
“လူတွေဆိုတာ လမ်းလုံးပြည့် ကြပ်ညပ်ပြီး လိုက်ပါပို့ဆောင်ကြတာ။”
“ပြည်သူချစ်ရင် နာရေးမှာ နောက်ဆုံးခရီးမှာ အဲသလိုမျိုး ‘ကြက်ပျံမကျ’ စည်ကားတာ သဘာဝပဲပေါ့ကွာ။”
အဘလုံးတုံး၏ စကားလုံးများကို အဘစောမူးသာက ခေါင်းတညိတ်ညိတ်နှင့် ပြုံးစိပြုံးစိလုပ်ကာ နားဆင်နေပါလေရာ အဘလုံးတုံးက “မင်းက ဘာ ဖြဲစပ်စပ်လုပ်နေတာလဲ” ဟု မေးပါလေတော့၏။
“အဲသလိုဆိုတော့ အခုဆိုရင် တိုက်တိုင်းရှုံးလို့ တပ်ပျက် တပ်ပြုတ်ဖြစ်နေပြီး သွေးတွေဆောင့်တိုးနေလို့ နေ့လားညလား ခေါက်ခနဲသေမယ့် ကြင်စိုး သာ၀ မအလရဲ့ နာရေးဆိုရင် လူကလေး ခြောက်တိခြောက်ချက်နဲ့ လိုက်ပို့မယ့်လူ ရှိမှာမဟုတ်ဘူးလို့ အဓိပ္ပာယ်ထွက်တာပေါ့ကွ။”
“အဲ . . .”
“ငါ့အထင်တော့ မအလသေပြီဆိုရင် သူ့မသာဟာ မြန်မာ့သမိုင်းမှာ လူအစည်ကားဆုံးဖြစ်မယ်လို့ မြင်မိတာပဲ စိမ်းမောင်ရာ။”
“ဘာ . . . ဘယ်လို”
“တနိုင်ငံလုံးက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေနဲ့ကို ချီတက်လာကြမှာ။”
“ဘာ . . . ဘာ့ကြောင့်လဲ။”
“လူယုတ်မာ ကြင်စိုး သာ၀ မအလရဲ့မျက်နှာကို တံတွေးနဲ့ ဝိုင်းထွေးပြီး ဂုဏ်ပြုချင်ကြလို့ပါတဲ့ ဗျား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
ဖေကြီး(လေရှီး)