(က)
“ ‘မြန်မာ့စီးပွားရေးဟာ ဦးမော့လာပြီ’ တဲ့ ဘုရာ့”
“ဟေ . . . ဘယ်လို . . . ဘယ်လို”
“ ‘ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းခဲ့ပေမဲ့ စီးပွားရေး ပြန်လည်ဦးမော့အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တယ်’ တဲ့ ဘုရာ့”
“ဟမ် . . . မဟုတ်ကဟုတ်ကတွေ၊ ပေါက်တက်ကရတွေကွာ မူးသာရာ”
“ ‘ကိုဗစ်ကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေး ကျဆင်းခဲ့ပေမဲ့ သူ့အနေနဲ့ စီးပွားရေး ပြန်လည်ဦးမော့ရေး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တယ်’ လို့ ပြောပါတယ် ဘုရာ့”
“ဘယ်သူပြောတာလဲ၊ ပြောတဲ့ကောင်ဟာ ရူးနေလို့ပဲ ဖြစ်ရမယ်”
“အဲသလိုကြီးတော့ မပြောသင့်ပါဘူး ဘုရာ့”
“ ‘ရူး’ နေလို့သာ ဒီလို မဟုတ်မဟတ်တွေ သူ့ပါးစပ်က ထွက်တာပေါ့ကွ၊ ဘယ်ပညာရှင်များ သုံးသပ်ပြောကြားတာလဲ လုံးတုံးရာ”
“ဘယ်ပညာရှိများ ဖြစ်ရမလဲ ဘုရာ့၊ စိမ်းမောင်တို့ ကိုးကွယ်တော်မူခဲ့တဲ့ ကြင်စိုး သာဝ မအလကြီး ပါးစပ်က ထွက်လာတာလေ”
“ဟေ . . .”
“သူ ပြောသလို ‘ဦးမော့လာတယ်’ ဆိုတာ ဖြစ်နိုင်ပါတယ် ဘုရာ့”
“ဟမ် . . . မဟုတ်ထာ”
“ ‘ဦးမော့’ လာရခြင်း အကြောင်းရင်းက ‘ပဲ့နစ်’ နေလို့ ဖြစ်ပါလိမ့်မယ် ဘုရား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“တ က ယ့် လူ ကွာ”
ထိုသို့ ပြောကြားကာ ဆရာတော်မှာ ခေါင်းကုတ်ရင်း စကားဝိုင်းမှ ထထွက်သွားပါလေတော့၏။
“ဦးမော့လာတယ်လို့ ဆိုပေမဲ့ မအလက နောက်ဆက်တွဲတော့ ဆက်ပြောသေးသဟ စိမ်းမောင်ရ”
“အေး . . . ဘယ်လိုများ ပြောတာလဲဟ”
“ ‘မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဦးမော့လာသော်လည်း အားနည်းနေဆဲဖြစ်ပြီး တွန်းအားပေးသော်လည်း တိုးတက်မှုမရှိကြောင်း’ တဲ့ဟ”
“ဟေ . . . ဘယ်လိုတွေလဲဟ”
“အဲဒါကြောင့် ပြောတာပေါ့ဟ၊ မအလဟာ သွပ်ခြောင်ခြောင် ကြောင်တက်တက် ကျပ်မပြည့်တဲ့ကောင်ပါ ဆို”
“အမှန်ပဲ မူးသာရ၊ ဒီကောင်ဟာ တကယ့်ကို ကျပ်မပြည့်တဲ့ကောင်”
“ဒါဆို ဒင်းက ‘ပြားကိုးဆယ်’ လောက်ပဲ ရှိတာလား”
“' ‘အစိတ်သား’ ရဲ့ ခေါင်ချုပ်ပဲဟာ၊ ဒင်းဟာ ‘၂၅ ပြား’ လောက်ပဲ ရှိတာပါတဲ့ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ကြင်စိုးက ဆက်ပြောသည်မှာ “စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကမ္ဘာပေါ်တွင် စားရေရိက္ခာ ထုတ်လုပ်သည့် နိုင်ငံတခုအဖြစ် ဂုဏ်ယူနိုင်ရန် လိုကြောင်း” ပါတဲ့ ခင်ဗျ။
“ ‘လျှပ်စစ်ကားတွေ၊ မြေအောက်ရထားတွေ’ မပြောတော့ဘဲ သမိုင်းဦးဘုံမြေခေတ်ကို ပြန်လျှောက်လှမ်းနေပါရောလား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
ကြင်စိုး သာဝ မအလက သူ့လက်ထက်မှာ နိုင်ငံ၏စီးပွားရေး ဦးမော့လာသည်ဟု အရှက်မရှိ ပြောဆိုနေသော်ငြား UNDP အပါအဝင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာစစ်တမ်း အစီရင်ခံစာများအရ မြန်မာနိုင်ငံလူဦးရေ၏ တဝက်နီးပါးသည် လက်ရှိကာလမှာ အလွန်ဆင်းရဲမွဲတေစွာ နေထိုင်ရကြောင်း သိရှိရပါပေ၏။
“ငါတို့ရွာမှာပဲကြည့်ကွာ စိမ်းမောင်ရာ၊ အရင်အစိုးရလက်ထက်မှာ လူတွေ ဘယ်လောက် ပြေလည်ခဲ့ကြသလဲ၊ ပျော်ရွှင်ခဲ့ကြသလဲ၊ အခု ငါတို့ရွာမှာ အိမ်ထောင်စုတဝက်ကျော်ကျော်ဟာ လက်တွေ့ကျကျပြောရရင် ငတ်နေပြီဆိုတာ မင်းအမြင်ပဲ စိမ်းမောင်”
“ဟှူး . . .”
စစ်တမ်းများအရဆိုပါက မြန်မာနိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ‘လူလတ်တန်းစားများ’ ပျောက်ကွယ်သွားပြီး လူတန်းစား မညီမျှမှုများ မြင့်မားလာနေကြောင်း သိရှိရပါပေ၏။
“မအေရိုးတွေ ဗုံးကြဲလို့ မြို့ရွာပေါင်းများစွာ၊ နေအိမ်ပေါင်းများစွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းနဲ့ ဗလီပေါင်းများစွာ မွမွကြေခဲ့ရပြီး အပြစ်မဲ့ ပြည်သူပေါင်းများစွာ အသတ်ခံခဲ့ရတာ ရင်နာစရာကွာ”
“ကုလသမဂ္ဂ စစ်တမ်းအရဆိုရင် လက်ရှိကာလမှာ မြန်မာနိုင်ငံသား သန်း ၂၀ လောက်တောင်မှ ‘အရေးပေါ်အကူအညီ’ တွေ လိုအပ်နေတယ်လို့ သိရတယ်”
“ဟှူး . . . ဝှူး . . .”
“အနီးကပ်ဆုံးဖြစ်တဲ့ ငါတို့ရွာတွေတဝိုက်ပဲ ကြည့်ကွာ၊ လူတွေ ဘယ်လောက်များ ငတ်ပြတ်နေပြီလဲ ဆိုတာ”
“စားစရာမရှိဘူး၊ ပိုက်ဆံရှာဖို့ ခက်ခဲလာပြီ”
“ခက်ခဲတာပေါ့ကွ၊ လူတွေမှ စပါးရိတ် ပဲနုတ် အငှားလိုက်ဖို့ လမ်းပေါ်မှ မထွက်ရဲကြတော့တဲ့ဟာကို”
“အေးလကွာ . . . မဲမဲမြင်ရာ ဆွဲပြီး၊ စစ်သင်တန်းကျောင်းတွေကို အတင်းအဓမ္မ ပို့နေတဲ့ ခေတ်ဆိုး ခေတ်ပျက် ကာလကြီးကိုကွာ”
“ဟှူး . . .”
“ဒါကိုများ မြန်မာ့စီးပွားရေးပဲ ဦးမော့လာသလေး ဘာလေးနဲ့၊ တကယ့်ကို ကျက်သရေတုံးတဲ့ အယုတ်တမာကောင်”
ကောင်းကင်ပေါ်မှ လေယာဉ်ဖြင့် စိတ်ထင်တိုင်း ဗုံးကြဲခြင်းဖြင့် အားမရသေးဘဲ မြေပြင်က ဖက်ဆစ်တပ်သားတွေကလည်း အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်ကို သတ်ပြနေပါလေ၏။
“ဟိုဘက်ရက်ကပဲ ဘုတလင်မြို့နယ်ထဲက စီပါရွာကိုဝင်ပြီး လူတွေကို ရက်ရက်စက်စက် သတ်ပြသွားတာ လူမဆန်လိုက်တာ စိမ်းမောင်ရာ”
“ဘယ်လို လူမဆန်တာလဲဟ လုံးတုံးရ”
“အပြစ်မဲ့ ရွာသား သက်ကြီးပိုင်းတွေကို ခြေတွေ လက်တွေ ဖြတ်တယ်”
“ဟာ . . .”
“ပြီးတော့ ခေါင်းကို ဖြတ်တယ်၊ လိင်အင်္ဂါတွေကို ဖြတ်တယ်”
“ဟေ . . .”
“ပြီးတော့ အဲသည် အသတ်ခံရသူရဲ့ ပါးစပ်ထဲကို အဲသည်လိင်အင်္ဂါကို ပြန်ထည့်ထားပြီး ရွာ့ခြံစည်းရိုးမှာ ချိတ်တင်ထားခဲ့တာ”
“ဟာကွာ . . . လူမဆန်လိုက်တာ”
ထိုမြင်ကွင်းကို ကဗျာဆရာ မင်းထင်ကိုကိုကြီးက ‘ကျွန်တော့်ကို ဘယ်သူသတ်တာလဲ’ ခေါင်းစဉ်နဲ့ ကဗျာရေးထားတယ်လို့ ပြောပြီး အဘစောမူးသာက ကဗျာကို ရွတ်ပြပါလေ၏။
“အဲဒီခြံစည်းရိုးပေါ်က ခေါင်းက
ကျွန်တော့် ခေါင်းပါ
ကျွန်တော့် ခန္ဓာကိုယ်ကတော့
ဘယ်မှာမှန်း ကျွန်တော်လည်း မသိဘူး
ကျွန်တော့်ခြေထောက်တွေက
ဘယ်ဟာလည်း ကျွန်တော် မမှတ်မိဘူး
မြန်မာနိုင်ငံပုံ တက်တူးနဲ့
ဘယ်လက်မောင်းကတော့
ကျွန်တော့်လက်မောင်း
ကျွန်တော့်ပါးစပ်ထဲက ဟာကလည်း
ကျွန်တော့်လိင်အင်္ဂါပါပဲ
ကျွန်တော့်ကို
ဘယ်သူတွေ သတ်ခဲ့တာလဲ”
“တစ်ယောက်ယောက်ကို ဝင်ပူးပြီး
ပြန်လာပြောရဦးမှာလား
မပြောတော့ပါဘူး
ကျွန်တော့်ကိုသတ်တာ လူတွေပါပဲ”
“ဒါပေမဲ့ဗျာ
ကျွန်တော် လူလို အသတ်မခံခဲ့ရဘူး”
(ဂ)
“ဟှူး . . . . . ဝှူး”
“ဟှူး . . . . .”
အဘစိမ်းမောင်နှင့် ခပ်လှမ်းလှမ်းမှာ ထိုင်တော်မူနေသည့် တောင်ကျောင်းဆရာတော် ဦးအစိမ်းတတို့ထံမှ ပြိုင်တူသက်ပြင်းချသံကို ကြားကြရပါ၏။
မအလ အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ မြန်မာပြည်သူတွေဟာ ကောင်းကောင်းမွန်မွန် မစားရ၊ ကောင်းကောင်းမွန်မွန် မနေရရုံမျှမက နောက်ဆုံး ကောင်းကောင်းမွန်မွန် မသေရတဲ့အထိကို အဖြစ်က ဆိုးလွန်းနေပါပြီတဲ့။
“ဒီတော့ ဘာလုပ်ကြဖို့ပဲ ရှိသလဲ”
“မအလနဲ့ အပေါင်းပါတွေကို အမြစ်ပါပြုတ်ထွက်အောင် အပြတ်ကျုံးကြဖို့ပဲ ရှိတော့တာပေါ့ဟ မူးသာရ”
“အမှန်ပဲ လုံးတုံး၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ PDF တွေကလည်း တိုက်ပွဲတရာ အောင်ပွဲတရာရအောင် အသက်တွေစွန့်ပြီး အစွမ်းကုန်ကြိုးပမ်းနေကြချိန်မှာ မြို့ပေါ်က ပြည်သူတွေကလည်း ပြောက်ကျားသပိတ်တွေ ခပ်စိပ်စိပ်လုပ်ပြီး မအေရိုးတွေကို တောခြောက် ခြောက်ပေးနေရမယ်ကွ”
“တနိုင်ငံလုံး တပြိုင်တည်း ထရုန်းလိုက်ရင် ဒီမအေရိုးတွေ ဘာခံနိုင်မှာလဲကွာ”
“အဲဒါတော့ အမှန်ပဲကွ၊ တနိုင်ငံလုံး တညီတည်း ပြိုင်တူရုန်းလိုက်ရင် အဆင်ပြေမယ်”
“အေးကွ . . . နေသာသလို ချောင်ခိုနေတဲ့လူတွေ များလာရင် နွေဦးတော်လှန်ရေးဟာ ကြာသွားနိုင်တယ်”
“လိုင်းပေါ်မှာ ရေးထားတာလေးတခုကို သဘောကျတယ်ကွာ”
“ဘယ်လိုများ ရေးထားတာမို့လဲ”
“ဒီလိုကွ၊ ‘တကယ်လို့များ ဒီတော်လှန်ရေးက အရမ်းကြာနေခဲ့ရင်၊ NUG လည်း အပြစ်မတင်နဲ့၊ PDF တွေနဲ့၊ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကိုလည်း မဆဲနဲ့’ တဲ့၊ ‘ပက်ပက်စက်စက် အားရပါးရ ဆဲရမယ့်သူတွေ ရှိတယ်’ တဲ့”
“ဒါဖြင့် ဘယ်သူ့ကို ဆဲရမှာတဲ့လဲကွ”
“ ‘မှန်ထောင်ကြည့်ပြီး ကိုယ့်ကိုယ်ကိုသာဆဲပြီး ကိုယ့်ပါးကို ဘယ်ပြန်ညာပြန်သာချ’ တဲ့”
“ဟေ . . .”
“မအလကို ထိုင်ပြီးဆဲနေရုံလောက်နဲ့ ‘ငါ တော်လှန်နေတယ်ကွ’ လို့ ထင်နေတဲ့လူေတွ၊ ဆဲရုံဆဲပြီး တော်လှန်ရေးထဲကို ထောက်ပို့ငွေ ဒါရိုက်ရောက်မယ့် Click တောင်မှ မှန်မှန်မလုပ်တဲ့လူတွေ၊ YouTube က တော်လှန်ရေးသီချင်းတွေ၊ အင်တာဗျူးတွေ၊ ဇာတ်လမ်းတွေကိုတောင်မှ အချိန်ကလေး မဆိုသလောက်ပေးပြီး ပြီးအောင်မကြည့်တဲ့ လူတွေဟာ မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်သာ ဆဲတဲ့”
“အေးကွ . . .”
“အချိန်ကြာနေရင် အဲသည်လိုမျိုး ကိုယ့်ကိုယ်ကိုယ်သာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပျစ်ပျစ်နှစ်နှစ်သာ ဆဲပေတော့တဲ့ ဟ”
“ဟားဟား ဟားဟား ဟားဟား . . . အဲဒါ အမှန်ပဲကွ လုံးတုံးရ”
“စိမ်းမောင်ကော အိမ်မှာ မှန်ရှိတယ်မဟုတ်လား”
“ရှိ . . . အဲ . . .”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
ဒီကနေ့စကားဝိုင်းမှာ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါ၏။
အဘစောမူးသာက လူကြုံ ဆတ်သားနှင့်ပို့ပေးရန် ဆန်နှင့် ပဲအိတ်ကလေးများကို ပြင်ဆင်နေပါ၏။ အဘလုံးတုံးကလည်း တနေရာသို့ ပို့ပေးရန် အခြောက်ခြမ်းထုပ် ကလေးများကို ပြန်စစ်နေတာကို မြင်ရပါလေ၏။
“လေရှီးက ဖေကြီးကော ဘာတွေလုပ်နေတာတုန်းဟဲ့”
“မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပျစ်ပျစ်နှစ်နှစ် မဆဲရအောင်လို့ ‘Click’ နေကြောင်းပါ ခင်ဗျား”
“ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)