(က)
“ကြင်စိုး သာ၀ မအလက သူ့အဘတွေကို အမီလိုက်တယ်ကွ”
“ဟ . . . ဘယ်လို”
“သူ့အဘတွေရဲ့ခြေရာကို နင်းနိုင်တယ်လေကွာ”
“ဘယ်နေရာတွေကိုမီပြီး ဘယ်လိုခြေရာကို နင်းနိုင်တာလဲ လုံးတုံးရ"
“၂၀၀၈ နာဂစ်မုန်တိုင်းတိုက်တုန်းကလည်း သူ့အဘတွေက မုန်တိုင်းသင့်ပြည်သူတွေကိုမကယ်ဘဲ ဖွဲ့စည်းပုံကြီးကို တက်သုတ်ရိုက် အတည်ပြုခဲ့ကြတယ်။"
“အခုက . . .”
“အခုလည်း ပြည်သူတွေ ရေဘေးဒုက္ခအကြီးအကျယ်ရောက်နေချိန်ကြီးမှာ ဘာ ကယ်ဆယ်မှုမှမလုပ်ဘဲ နိုင်ငံအနှံ့ တက်သုတ်ရိုက်ပြီး ဗုံးတွေလိုက်ကြဲနေပြန်တယ်လေကွာ”
“အင်း . . ဟုတ်သကွ မူးသာရ၊ 'ပထွေး'တွေရဲ့ ခြေရာကို တကယ်နင်းနိုင်တဲ့ကောင်နော်၊ ဟိုဟာလည်း တူသေးတယ်ကွ”
“ဘယ်ဟာလဲဟ”
“ဘေးအန္တရာယ် ကျရောက်တော့မယ်ဆိုတာကို ကြိုတင်အသိမပေးတဲ့ နေရာ မှာလည်း ချွတ်စွတ်ပါပဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
အဘလုံးတုံးနှင့် အဘစောမူးသာတို့၏ သုံးသပ်ချက်များကို စိမ်းသရဖူစိမ်း အဘ စိမ်းမောင်နှင့် ဖေကြီးတို့ ရေနွေးကြမ်းနှင့် မြည်းနေကြရပါ၏။
“ငါတို့ ပြောတာ ဟုတ်တယ်မဟုတ်လား စိမ်းမောင်”
“ဘာကိုလဲဟ”
“အာဏာရှင်အဘတွေဟာ တပုံစံထဲပဲဆိုတာလေကွာ”
“အဲ . . . ဟို . . . ဒီ . . .”
“ရန်သူမျိုး ၅ ပါး ရှိတယ်မဟုတ်လား”
“အေး”
“' ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ ' ဟုတ်တယ်မဟုတ်လား”
“အေးလေ”
“အခုတော့ ' ရန်သူမျိုး တပါး 'တည်း ဖြစ်သွားပြီဟ စိမ်းမောင်ရ”
“ဘယ် . . . ဘယ်လိုဖြစ်သွားတာလဲ”
“မင်းတို့ကိုးကွယ်ခဲ့တဲ့ ကြင်စိုး သာဝ မအလက ပေါင်းစပ်ပေးခဲ့တာလို့ ဆိုရမှာပေါ့ကွာ”
“ငါ နားမရှင်းဘူး မူးသာရာ၊ ရှင်းရှင်းလင်းလင်း လုပ်ပါဟ”
ထိုအခါ အဘစောမူးသာက “ရှင်းရှင်းလင်းလင်းသိချင်ရင် ဆရာမင်းထင်ကိုကို
ကြီးရဲ့' ရန်သူ ' ဆိုတဲ့ကဗျာလေးကို နားဆင်ကြည့်ပေါ့ကွာ”ဟုဆိုကာ ကြည်လင်ပြတ်သားစွာ ရွတ်ပြပါလေ၏ ခင်ဗျာ။
“ရေလည်း ဒင်း
မီးလည်း ဒင်း
မင်းလည်း ဒင်း
ခိုးသူလည်း ဒင်း
မချစ်မနှစ်သက်သောသူလည်း ဒင်း”
“ဘယ်လို ရေရေ
ဘယ်လိုတွက်တွက်
ငါ တို့ ရ န် သူ က
ဒင်း တစ်ကောင်တည်း”
(ခ)
ကဗျာအပြီးမှာ အဘစိမ်းမောင့်မျက်နှာပါ ပြုံးသရောင်ရောင် ဖြစ်လာပါလေ၏။
စစ်ပြန်ကြီး အဘလုံးတုံးက “ကိုထွန်းရွှေကြီးရဲ့သီချင်းတောင်မှ စာသားတွေ ပြောင်းရမလို ဖြစ်နေပြီပေါ့ဟ”ဟု ရယ်ရင်း ပြောပါလေ၏။
“စာသားတွေ ဘယ်လိုများပြောင်းမှာပါလိမ့် လုံးတုံးရာ”
အဘလုံးတုံးက ပြုံးစိပြုံးစိလုပ်ကာ ရေနွေးခွက်ကို မော့ချလိုက်ပြီး ' အဟမ်း 'ဟု လည်ချောင်းရှင်းလိုက်ပါ၏။ ပြီးသည့်အခါ ဟဲပြပါလေတော့၏။
“ရ န် သူ ငါး ပါး လုံး ဟာ
အင်မတန် ဆိုးဝါးလှတာ
မညှာတာ ဘယ်သူ့မှ မထောက်ပါ
သူခိုး ဓားပြ အဘ ဆိုးလှပါသဗျာ
ဤဇမ္ဘူ တစ်ခွင်မှာ
ရန်သူကြင်စိုးဟာ
ငါးပါး ဒြပ်ပေါင်းပါ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
ခက်ခဲမွန်းကျပ် လောင်မြိုက်နေသည့်ကာလကြီးကို ရယ်ပွဲဖွဲ့ကာ ဖြတ်ကျော်နိုင်ကြသည်မှာလည်း ဘေးကလူများအဖို့ အားဆေးပါပဲ ခင်ဗျာ။ သည် ' အရွှင်အဘတွေ' နှင့် ဘဝတကွေ့မှာ ဆုံတွေ့ခွင့်ရခဲ့သည့်အတွက် အသက်ရှူ ချောင်ခဲ့တာကတော့ အမှန်ပါ။
“မအလ ညည အောင်းပြီးအိပ်တဲ့ မြေအောက်ဂူကြီးလည်း ရေတွေပြည့်လျှံသွားလို့ ဒင်းကို မနည်းကယ်ထုတ်လိုက်ရပုံ ရတယ်ကွ"
“ဟေ . . .”
“တကယ်တော့ မအလဟာ ကြွက်ကွ”
“အေးကွ၊ ဒါကြောင့် မြေပေါ်မနေရဲဘဲတွင်းထဲအောင်းနေတာပေါ့ဟ”
“ကြွက်တောင်မှ ' ကြွက်ပျင်း ' ကွ”
"တပါးသူ သေသေချာချာ လှလှပပ တူးထားတဲ့ကျင်းကိုမှ ဖြတ်ခုတ်ပြီး အပိုင်စီးချင်တဲ့ အယုတ်တမာကောင်၊ မြန်မာ့သမိုင်းမှာ ' အယုတ်ညံ့ဆုံးပုဂ္ဂိုလ် 'လို့ မှတ်တမ်းအတင်ခံရပြီး နောင်တခေတ်မှာ ဘယ်မိဘကမှ သူတို့သားသမီးကို ဒင်းနာမည်မျိုးမှည့်မှာမဟုတ်တော့ဘူးဆို တာကတော့ ကျိန်းသေပဲ”
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ”
တနေ့တမျိုး မရိုးနိုင်သည့် မအလ၏အကြောင်းများကား ပြော၍မကုန်ပါလေ။
၂၀၀၈ နာဂစ်ကာလကြီးမှာတုန်းကလည်း မအလ၏ အဘတွေက ဒုက္ခရောက်နေသည့် ပြည်သူလူထုကို မကယ်ဘဲ မကူဘဲသူတို့စိတ်ကြိုက်ရေးထားသည့် ဖွဲ့စည်းပုံကို အတည်ပြုဖို့သာ လုပ်ခဲ့ကြပါ၏။
ယခုလည်း ဘေးဒုက္ခရောက်နေသည့် ပြည်သူလူထုကို မကူဘဲ မကယ်ဘဲ သန်းခေါင်စာရင်းကောက်ဖို့ အပူတပြင်း လှုပ်ရှားနေကြပြန်လေပြီဟု သုံးသပ်ကြပါ၏။
“သန်းခေါင်စာရင်း ' က ဘာဖြစ်လို့ အရေးတကြီးကောက်ဖို့ လုပ်တာလဲ”
“ရွေးကောက်ပွဲ ' အတွက်တဲ့ကွ စိမ်းမောင်ရ”
“ဟမ် . . . ဘယ်လို . . . ဘယ်လို”
“ရွေးကောက်ပွဲ လုပ်ဖို့အတွက်လေကွာ”
“မ ဖြ စ် နို င် တာ ကို များ . . . . .”
“ဟား ဟား ဟား ဟား ဟား ဟား”
“မင်းတို့က ဘာထရယ်ပြန်တာလဲဟ”
“ကြင်စိုး သာ၀ မအလကို ကိုးကွယ်သူတွေဆီက ' မဖြစ်နိုင်ဘူး' စကားကြား
ရတာ ရယ်စရာမကောင်းလွန်းဘူးလား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
မအလက မကူလည်း မကယ်လည်း ထုံးစံအတိုင်းပင် ပြည်သူအချင်းချင်း ပြန်၍ ကူနေ ကယ်နေကြရပြန်ပေရာ အဘစောမူးသာက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ' ငရဲကျနေတဲ့တိုင်းပြည် ' ကဗျာလေးကို ရွတ်ပြပါလေ၏။
“လူတွေရဲ့ရေဘေးကိုလည်းကယ်ရ”
“တိုင်းပြည်ရဲ့ မသေရေးကိုလည်း ဆယ်နေကြတဲ့အချိန်”
တိုတိုထိထိ မိမိရရ ကဗျာလေးဆုံးတော့ အဘစိမ်းမောင်၏ သက်ပြင်းချသံကြီးကို ကြားကြရပါလေ၏။ အဘလုံးတုံးက ပြုံးစိစိလုပ်ကာ “ဆရာ့ကဗျာလေးကို နည်းနည်းလောက် ဆက်ကြည့်ချင်သကွာ”ဟု ဆိုလာလေရာ အဘစောမူးသာက “ဘယ်လိုများတုန်း လုံးတုံးရ” ဟုမေးတော့ “ဂလိုဟ” ဟု ပြန်ဖြေပြီး ရွတ်ပြ ပါလေ၏။
“လူတွေရဲ့ရေဘေးကိုလည်း ကယ်ရ”
“တိုင်းပြည်ရဲ့ မသေရေးကိုလည်းဆယ်နေကြတဲ့အချိန်”
ဂတလုပ်အသားဝါ ဖအေပထွေးတွေနဲ့ လှုပ်ခါကာနေသေးတဲ့
အယုတ်တမာ မအေဘေးကိုလည်း
တွယ်နေကြသကွယ့် မြိန်မြိန်”
“ဟား ဟား ဟား ဟား ဟား ဟား”
ဖက်ဆစ် သာ၀ မအလဟာ ကိုယ်တိုင်လည်း မကယ်၊ ပြည်သူက ပြည်သူကို ကယ်ကြပြန်တော့လည်း ပိတ်ပင် တားဆီး ဆိုပြန်တော့ “မြန်မြန်သေမှ အေးမယ့်ကောင်”ဟု မေတတာပို့ကြပါ၏။
“ကြင်စိုး သာဝ မအလဟာ အခုရေဘေးဖြစ်တော့ ရေဘေးသင့်ပြည်သူတွေကို ဘယ်လို ပြောလဲဆိုရင် “ရေဘေးဟာ တကမ္ဘာလုံးမှာ ဖြစ်နေတာ၊ ဥရောပ မှာလည်း အခုရေကြီးနေတာ၊ ဒါကြောင့် အားတင်းထားကြပါ “တဲ့”
“သောက်ရူးကြီး ”
“ဟား ဟား ဟား ဟား ဟား ဟား”
ရေဘေးသင့်နေပါတယ်ဆိုမှ သောက်ရူးက ရည်ရွယ်ချက်ရှိရှိ ဆည်တွေထပ်ဖောက်ချပြီး အပိုဒုက္ခတွေ ထပ်ပေးနေသေးတယ်ဟု ဆိုကြပါ၏။ ရေဘေးကိုအခွင့်ကောင်းယူပြီး သန်းကောင်စာရင်း ' ကောက်ရုံသာမက ' စစ်မှုထမ်းဥပဒေ ' ကိုလည်း အသည်းအသန် ကျင့်သုံး နေပါသတဲ့။
“ဗုံးကြဲတာတွေလည်း မနားတမ်းပဲ”
“သူတို့ဗုံးကြဲလို့ ဒုက္ခရောက်နေတဲ့လူထုကို ဆည်တွေဖွင့်ချပြီး အပိုဆောင်းဒုက္ခ ထပ်ပေးတာနဲ့အားမရသေးပဲ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ စစ်မှုထမ်းဖို့ လူတွေကို အတင်းအဓမ္မ ဆွဲပြန်တယ်။"
“သူက ‘လူ’ မှမဟုတ်တာ”
“အေးကွ၊ ဒင်းက လူလိုမသိတဲ့ ကြွက်ပျင်းကိုးဟ”
“ဟား ဟား ဟား ဟား ဟား ဟား”
“ဒင်းဟာ ‘ဟစ်တလာ’ လိုပဲ မြေတွင်းထဲမှာပဲ ငရဲရွာစံလို့ ကံတော်ကုန်မှာတော့ မြင်ယောင်မိသေး သကွာ”
သို့ဖြင့် ကြင်စိုး သာ၀ ကြွက်ပျင်းကြီး မအလ၏ အဝင်တွင်းပေါက်ဝသာမက အရေးပေါ်ထွက်ရန် ကြံစည်ထားသည့် ' ဂယ်ေပါက် ' တွေကိုပါ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပိတ်ဆို့ထားနိုင်ပြီဟု ဆိုကြပါလေ၏။
“ကြင်စိုးကို အသေခံကာကွယ်ပေးမယ့် ဖက်ဆစ်တပ်သားတွေဟာ ရှားပါးပစ္စည်း ဖြစ်သွားပြီကွ”
“ ‘ပြုတ်ပြုတ်ပြုန်း’ ပြီ ဆိုပါတော့”
“မျိုးပါတုံးတော့မှာ ဟ”
“ဒီလိုအချိန်မှာ ဇာတ်သီချင်းလေးတစ်ပုဒ်လောက် ဟဲပါရစေ ခင်ဗျား”
“ကြားပါရစေလား ဇာတ်ဆရာ”
အဘစောမူးသာက ' အဟမ်း ' ဟု လည်ချောင်းရှင်းလိုက်ပြီးသကာလ ပီသ၍ ကြည်မြလှသည့် ဘယ်သံဝါကြီးဖြင့် အားရပါးရ ဟစ်လိုက်ပါလေတော့သတည်း။
“တပ်မင်း ငနွားကြီး ငပိန်းနော် ငပိန်းနော် တိုင်းပြည်က ကလော်”
“တပ်မင်း ငနွားကြီး ငဖိန်းနော် ငဖိန်းနော် တိုင်းပြည်က ဆော်”
“မြန်မာ့ရာဇဝင် စင်မြင့်ပေါ် မတင့်တင့် မတယ်တယ် မထယ်ဝါ လှသနော်"
“ကမ္ဘာ့ငါးချဉ် ကြင်စိုးနော်မရှုမလှ မအူမလယ် ကယ်သူဝေးသနော်”
“တူညီညာ ဝိုင်းလို့မောင်း
ထောင်းလိုက်ကြသနော်
ထောင်းလိုက်ကြနော်”