(က)
“လာကြဟေ့ မူးသာတို့ လုံးတုံးတို့ ဖေကြီးတို့။”
“တင်ပါ့ဘုရာ့ . . .”
“စိမ်းမောင်ရေ အကြမ်းဝိုင်းလေးလုပ်ပါဦးဟ၊ မုန့်တွေလည်း ချပေးဦး။”
တောင်ကျောင်းက စိမ်းသရဖူစိမ်းဆရာတော်မှာ ကျွန်ုပ်တို့ကို ခရီးဦးကြိုပြုပြီး ကျက်သရေခန်းထဲက မုန့်ထုပ်များကို သာမက ကောက်ညှင်းထုပ်များနှင့် ဖီးကြမ်းငှက်ပျောဖီး ချောချောကြီးများကိုပါ ထုတ်ပေးပါလေ၏။
အဘစောမူးသာက အဘလုံးတုံးနှင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးပြပါ၏။ ပြီးတော့ ဆရာတော်ကို လျှောက်ပါ၏။
“ရှိတာတွေအကုန်လုံးကို ရက်ရက်ရောရော ပေးဝေငှကာ ချကျွေးတဲ့ ကိုယ်တော်ဟာ ဝေသန္တရာမင်းကြီး ဝင်စားတာဖြစ်ရမယ်။”
“အယ် လယ်လယ် . . .”
“ကိုယ့်မှာရှိသမျှကို မတွန့်မတို အကုန်လုံးကို ပေးလှူသူ နောက်ထပ်တယောက်လည်း ရှိပါသေးတယ် ဘုရား။”
“ဘယ်သူတုန်းဟ မူးသာရ။”
“ဘယ်သူရှိရမှာလဲဘုရာ့၊ ကိုယ်တော်တို့ရဲ့ ကြင်စိုး သာဝ မအလကြီးပေါ့။”
“ဟေ . . .”
“သူလည်း သူ့ရဲ့လက်ပါးစေ ဖက်ဆစ်တပ်ကြီးကို ရက်ရက်ရောရော လှူလာလိုက်တာ အခုဆိုရင် မျိုးတောင်မှ မကျန်လောက်တော့ဘူး ဘုရား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား။”
ငယ်ပေါင်းဆရာတော်နှင့် ငယ်ပေါင်း ဒကာကျော်တို့ကား အလိုက်သားပါလား။
“တပ်ချုပ်ကြီးက ရေဘေးအတွက် လှူဦးမယ်ဆိုဟ လုံးတုံးရ။”
“တင်ပါ့. . . အဲဒါကျတော့ သူ့အိတ်ထဲက မထုတ်ပါဘူး၊ နိုင်ငံတကာကို အရှက်မရှိ လက်ဖဝါးဖြန့်ပြီး ‘သူတောင်းစားဂိုဏ်းချုပ်’ လုပ်နေကြောင်းပါ ဘုရား။”
“ဟား ဟား ဟား ဟား ဟား ဟား”
မအလကား ဘုရားဒကာ ဘုရားလူကြီးပီပီ အလှူခံချက်ကတော့ လက်ဖျားခါလောက်ပါပေ၏။ ပြောပုံဆိုပေါက်ကလည်း ရိုက်ချင်စရာပါတဲ့ ခင်ဗျာ။
“နိုင်ငံတကာက အလှူပစ္စည်းတွေကို လက်ခံရယူပြီး တို့စစ်တပ်အစိုးရကို ‘တရားဝင်အစိုးရ’ ဖြစ်အောင် ကြံဆောင်ကြပါစို့တဲ့ ဘုရာ့။”
“ဟှူး . . . တယ်လဲခက်တဲ့လူပါလား။”
“မခက်နဲ့ဘုရာ့၊ ဒင်းက အလှူလက်ဖက်နဲ့ ပြည်သူကိုမျက်နှာလုပ်ပြီး သူဦးဆောင်တဲ့ ဖက်ဆစ်အစိုးရကိုတောင်မှ တရားဝင်ဖြစ်အောင် ကြံဆောင်ဦးမယ့်အကောင်၊ အချောင်သမား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“ဟှူး . . .”
“ဟှူး . . . ဝှူး . . .”
အစိမ်းဆရာတော်နှင့် အစိမ်းဒကာကျော် အဘစိမ်းမောင်တို့ထံမှ ပြိုင်တူသက်ပြင်းချသံကြီးကို ကြားလိုက်ရပါလေသတည်း။ အရင်ကဆိုလျှင် မအလကို အမွှမ်းတင်ကာ ကိုးကွယ်နေကြသူများဖြစ်၍ ယခုလို မအလ၏ မဟုတ်မဟတ်လုပ်ရပ်များကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာကြသည့်အခါမတော့ မျက်နှာတွေမထားတတ်အောင်သာ ရှိနေကြသလိုပါ။
“နိုင်ငံတကာကို လက်ဖဝါးဖြန့်ပြီး တောင်းနေပေမဲ့ မရသေးဘူးဆိုတော့ ပြည်သူလူထုနဲ့ ပြည်တွင်းက သူဌေးတွေကို လည်ပင်းညှစ်ပြီး ‘တောင်း’ နေပြီ ဘုရာ့။”
“အဲ . . . “
“အဲသလိုလူကို ‘ပါဠိ’ လိုခေါ်တာရှိသကွ။”
“ဘယ်လိုများလဲ မူးသာရ။”
“ဒီလိုကောင်ကို ‘သုနက်ခ ဒွန်းစဏ္ဍား’ လို့ ခေါ်သကွ။”
“အဓိပ္ပာယ်က”
"”‘ခွေးသူတောင်းစား’ တဲ့ဗျား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ခ)
ပြည်သူလူထုကား ‘ရေဘေး’ သာမက မအလ၏ မစားရဝခမန်း သောက်ပြောကြီးသည့် ‘လေဘေး’ဒဏ်ကိုပါ ပူးတွဲ၍ ခံနေကြရပါပေ၏။
“မအလက အိမ်ထောင်ဦးစီးလည်း လုပ်ချင်တယ်၊ အိမ်ထောင့်တာဝန်ကို မကျေပွန်တဲ့၊ တာဝန်မယူတဲ့၊ တာဝန်မခံတဲ့ ကလေကချေ အုတ်ကြားမြက်ပေါက် စရိုက်အပြည့်နဲ့အကောင်၊ သောက်ရူး။”
“ဟား ဟား ဟား ဟား ဟား ဟား”
“စစ်ဦးစီးချုပ်တော့ လုပ်ချင်တယ်၊ စစ်တပ်အပေါ်မှာလည်း ဘာမှတာဝန်မခံတဲ့ သောက်ရူးကြီး။”
“ဟီးဟီး ဟီးဟီး ဟီးဟီး”
“သန်း ၆၀ လောက် လူဦးရေရှိတဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ပညာမပြောနဲ့၊ လူလေး ၂ သိန်း ၃ သိန်းလောက်ပဲရှိတဲ့ စစ်တပ်ကလေးကိုတောင်မှ အုပ်ထိန်းနိုင်တဲ့ပညာ သူ့မှာမရှိဘူး ဘုရာ့။”
“အာ့ . . . . .”
“အခုလည်း သူ့ရဲ့ညံ့ဖျင်းမှုနဲ့ သူ့စစ်သားတွေဟာ မြန်မာ့ရေမြေ ဒေသအနှံ့အပြားမှာ မုန့်ဟင်းခါးတွေနဲ့ မြေဩဇာတွေ ဖြစ်ကုန်ကြပြီ ဘုရာ့။”
“အင်း . . .”
“သိပ်မကြာခင်အချိန်မှာ ရှိရှိသမျှ အကုန်လုံး ပြုတ်တော့မှာမို့ သူလည်း ‘တပ်ပြုတ်ကြီး’ ဖြစ်တော့မှာ ဘုရာ့။”
“ဟှူး . . . . . “
“အဲဒါကိုကြိုသိလို့ မအလကြီးက စီမံကိန်းတွေ ဆွဲထားတာပေါ့ ဘုရာ့။”
“ဘယ် . . . ဘယ်လိုစီမံကိန်းတွေလဲဟ မူးသာရ။”
“အခုဆိုရင် ရှေ့တန်းကိုလွှတ်ဖို့အတွက် အမျိုးသမီးစစ်မှုထမ်းတွေ ခေါ်ဖို့လုပ်နေပါပြီ ဘုရာ့။”
“ဘုရား ဘုရား ဘုရား”
“အဲဒီမှာ ဝမ်းသာစရာသတင်းက စစ်တပ်ထဲက စစ်သားတွေရဲ့ သမီးတွေ၊ ခယ်မတွေ၊ တူမတွေ၊ မရီးတွေ၊ ယောက္ခမကြီးတွေကို အရင်ဆုံး ဦးစားပေးပြီး စံပြအဖြစ်ခေါ်မှာလို့ မအလက ပြောတယ်ဘုရာ့။”
“ဟုတ် . . . ဟုတ်လို့လားကွာ”
“အမှန်ပါဘုရာ့၊ အဲဒါကြောင့် သိပ်မကြာခင် အရှင်ဘုရားညီရဲ့ သမီးတွေ၊ ခယ်မတွေ ရွာကို ရှောင်လာဖို့ရှိတယ်ဘုရား။”
“ဘုရား ဘုရား ဘုရား”
“ဟားဟား ဟားဟား ဟားဟား”
အခုဆိုလျှင်တော့ ကြင်စိုး သာဝ မအလ၏ ဗလချီးနမ်း အရူးချီးပန်း ထင်ရာဆိုင်းမှုများမှာ သူ့ကို ယခုအချိန်အထိ ကာကွယ်ပေးနေသေးသည့် ဘာမသိညာမသိ စစ်တပ်အတွင်းအထိ ရောက်ရှိသွားပြီဖြစ်ပေရာ သူ၏နိဂုံးမှာလည်း နီးကပ်လာပြီဖြစ်ပါလေတော့၏လို့ သုံးသပ်ကြပါလေ၏။
“ဒီ . . . ဒီလိုဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်မယ်လို့ထင်သလဲ လုံးတုံး။”
“ဘယ်လိုဖြစ်လာရမလဲဘုရာ့ . . . အရပ်သားမိသားစု ပြည်သူလူထုသာမက စစ်သားမိသားစု ပြည်သူလူထုတွေပါ ဒီသောက်ရူး မအလကြီးကို ဝိုင်းဖြိုကြတော့မှာပေါ့။”
“ဟှူး . . . . .”
ဘယ်နိုင်ငံ၏စစ်တပ်မဆို ပြည်သူလူထုကို ဆန့်ကျင်မိပါက နိဂုံးမလှ အဖြစ်ဆိုးနှင့်သာ ကြုံတွေ့ရမှာဟု ဆက်၍ပြောပါ၏။
“တပည့်တော်တို့စစ်တပ်မှာ အစဉ်အလာဆောင်ပုဒ်တခု ရှိတယ် ဘုရာ့။”
“ဆိုစမ်းပါအုံး စစ်ပြန်ကြီးလုံးတုံးရ။”
“တပ်ကိုကောင်းအောင်လုပ်၊ ပြည်သူချစ်အောင်ကျင့်၊ စစ်ကိုနိုင်အောင်တိုက်၊ ပြည်သူပါတဲ့ဘက်က စစ်နိုင်မယ်” တဲ့။
အဘစောမူးသာက ပြုံးစိပြုံးစိလုပ်ကာ ဝင်ပြောလာပါလေ၏။
“အခုကျတော့ မအလကြီးက ပြောင်းပြန်လုပ်နေတာကိုး။”
“ဘယ်လိုများလဲဟ။”
“တပ်ကို ပျက်အောင်လုပ်တယ်၊ ပြည်သူမုန်းအောင် ကျင့်တယ်၊ စစ်ကိုရှုံးအောင်တိုက်တယ်၊ ပြည်သူမပါတဲ့အတွက် သူ့ဖက်ဆစ်တပ်ဟာ စစ်ရှုံးနေပြီဆိုတာ လက်တွေ့အမြင်ပါပဲ။”
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ”
(ဂ)
ရှုံးတာမှ ခွက်ခွက်လန်အောင် ရှုံးတာပါတဲ့။ စစ်သည်အင်အား ၅ သိန်းရှိတယ်တို့၊ ကမ္ဘာမှာ အဆင့်ဘယ်လောက်ရှိတယ်တို့ အပြောကြီးခဲ့တဲ့ မအလဟာ အခုအခါမှာတော့ မျက်ကလဲဆန်ပြာ ဖြစ်နေပါပြီတဲ့။
သူ့တပ်တွေ သူဖြုန်းလို့ လူမရှိတော့တဲ့အတွက် ပြည်သူ့စစ်တွေဖွဲ့တယ်၊ ပျူစောထီးတွေဖွဲ့တယ်၊ ထောင်ကျစစ်သားတွေကို လွှတ်ပေးပြီး စစ်မှုပြန်ထမ်းခိုင်းတယ်၊ ပင်စင်စား စစ်သားအိုကြီးတွေကို ပြန်ခေါ်ပြီး ရှေ့တန်းလွှတ်တယ်၊ အဲသည်လူတွေအကုန်လုံး မျိုးတုံးကုန်တော့ အရပ်သားလူငယ်တွေကို အတင်းအကျပ် စစ်တပ်ထဲ ဆွဲသွင်း၊ သင်တန်းခဏပေးပြီး ရှေ့တန်းကိုတန်းပို့ကာ သေခိုင်းပြန်ပါတယ်။
“လူငယ်တွေနဲ့တင် မလောက်တဲ့အခါကျတော့ အသက် ၆၅ နှစ်အထိ အမျိုသားတွေကိုခေါ်လို့ စိမ်းမောင်တောင် ရှောင်နေပါရောလား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“အခုတော့ အမျိုးသမီးတွေဆီကို ခြေဦးလှည့်လာပါပြီ ခင်ဗျ။”
“အဲဒါပြီးရင်တော့ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေဘက် လှည့်လာမှာပေါ့။”
“ဘုရား ဘုရား ဘုရား”
မည်သို့ပင်ဆိုစေကာမူ မည်သို့ပင် အင်အားဖြည့်စေကာမူ အူတူတူ မအလအဖို့ စစ်နိုင်ဖို့ မရှိတော့ပါတဲ့။
“လုံးတုံးပြောခဲ့သလို ‘ပြည်သူ’ မပါတဲ့ စစ်တပ်တွေရဲ့နိဂုံးဟာ ‘အရှုံး’ ပဲ။”
အဘလုံးတုံးက “လက်ဝဲသုန္ဒရရဲ့ နန္ဒိသေနပျို့ကိုတောင်မှ သွားပြီးသတိရမိသကွာ” လို့ဆိုတော့ “ဘယ်လိုရေးထားတာလဲအဘ” ဟု မေးမိပါလေရာ အဘလုံးတုံးက ဤသို့ ရွတ်ပြပါလေ၏ခင်ဗျာ။
“စစ်နည်းဗျူဟာ
ဘယ်လောက်သာလည်း
စစ်ရေးလက်နက်
ဘယ်လောက်ထက်လည်း
ပြည်သူနှလုံး
မသိမ်းကျုံးလျှင်
ပြည်သူ့အင်အား
မလေးစားလျှင်
ဓားသွားလည်းကြွေ
လှံလည်းခွေ၏” ပါတဲ့ဗျာ”
“သာဓု သာဓု သာဓု။”
ဖေကြီး(လေရှီး)