(က)
ရေနွေးကြမ်းဝိုင်းမှာ တိတ်ဆိတ်နေပါ၏။ အဘစောမူးသာက စာအုပ်ကြီးတအုပ်ကို စူးစူးစိုက်စိုက် ဖတ်ရှုနေကာ အဘလုံးတုံးက ဗလာစာအုပ်ထဲမှာ ဘာတွေရေးနေသည်မသိ။ အဘစိမ်းမောင်က ဖေကြီးအား ဟိုအဘတွေကို မေးငေါ့ပြပါလေ၏။
“ဘာတွေဖတ်နေတာတုန်း အဘ”
“ရှေးကဗျာရေးထုံးတွေနဲ့ ပတ်သက်တဲ့ စာအုပ်ကွ ဖေကြီးရ၊ ဒီရက်ထဲ ငါပြန်ဖတ်ဖြစ်နေတာ”
“ရတုတွေ၊ တျာချင်းတွေ၊ လေးချိုးတွေ၊ ေဒွးချိုးတွေအကြောင်းလား အဘ”
“အေးကွ၊ စိတ်ဝင်စားစရာ ကာရန်တွေ၊ အသံတွေနဲ့ ရှေးမြန်မာကြီးတွေရဲ့ ဖွဲ့ထုံးတွေဟာ ချစ်စရာကွာ”
“ကျနော်တို့လည်း ကျောင်းမှာ နည်းနည်းပါးပါးတော့ သင်ခဲ့ရပါတယ် အဘ”
“အေးကွ . . . အခုခေတ် မော်ဒန်ကဗျာတွေလည်း ကြိုက်ပါတယ်၊ ရှေးခေတ် ဂန္ထဝင်ကဗျာ ရေးဖွဲ့ပုံတွေကိုလည်း လေ့လာသင့်တယ်ကွ”
“ဟုတ်ကဲ့အဘ၊ မြန်မာကဗျာထဲမှာ လူထုနဲ့အနီးစပ်ဆုံး လူတိုင်းလိုက်လံရေးဖွဲ့ဖို့ အလွယ်ကူဆုံး ကဗျာပုံစံက ဘာဖြစ်မလဲအဘ”
“ငါ့အထင်ကို ချက်ချင်းပြောရရင်တော့ ‘သံပေါက်’ ကဗျာအမျိုးအစားပဲ ဖေကြီးရ”
“‘အစလေးလုံး၊ အလယ်သုံး၊ အဆုံး ငါးခွန်နစ်’ ပုံစံလား အဘ”
“ဟားဟား ဟားဟား ဟားဟား . . . ဖေကြီးကလည်း အလာသားပါလားဟ”
“ကျောင်းမှာ နည်းနည်းပါးပါး သင်ခဲ့ရလို့ပါ”
“အေးကွ . . . ‘ခဲတန်တချောင်း၊ ရေးလို့ေကာင်း၊ တချောင်းဘယ်လောက်လဲ’ ဆိုတဲ့ ပုံစံမျိုးပေါ့”
“ဟုတ်ကဲ့အဘ၊ အဲသည် ‘သံပေါက်ကဗျာ’ ပုံစံဟာ ဘယ်ခေတ်အခါက ပေါ်ခဲ့တာလဲ”
“အဲ . . . စာထဲမတော့ ‘တကောင်းခေတ်’ က စတင်စပ်ဆိုခဲ့ကြတယ်လို့ ပြောကြတယ်”
“ဟုတ်ကဲ့ အဘ”
“အဲသည်ကာလက ‘စကားထာသံပေါက်’ တွေ ထွန်းကားနေပြီလို့ ဆိုကြတယ်၊ ဥပမာကွာ ‘ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ချုပ်၊ ချစ်တဲ့သူအရိုး ဆံထိုးလုပ်’ ဆိုတာမျိုးပေ့ါ”
“ဆက်ပါအုံး အဘ”
“ရှိသေးတယ်ကွ၊ ‘မဂ်ဖိုလ်ဧကန်၊ ရပြီးမှန်၊ တိရစ္ဆာန်ဘယ်ကြောင့်ဖြစ်သနည်း’ ပေါ့”
“သာမန် အရပ်သူ အရပ်သားတွေအချင်းချင်း သံပေါက်ကဗျာနဲ့ ဉာဏ်စမ်းကြတယ်လို့လည်း ဖတ်ဖူးတယ် အဘ”
“အမှန်ပေါ့ကွာ၊ ‘လင့်စင်စပါး၊ စာမစား၊ အဖျားစိမ်းလဲ့လဲ့’ လို့ ‘ဝှက်’ လိုက်ရင် တယောက်က ဘယ်လိုပြန်ဖြေလဲ ဆိုတော့”
“‘နင့်ပြင်ရည်းစား၊ ငါမထား၊ ဘုရားစူးပါ့ကွယ်’ ပေါ့ဟ မူးသာရ”
“ဟားဟား ဟားဟား ဟားဟား . . တော်ပါပေတယ် လုံးတုံးရယ်”
“တော်ဆို . . . ငါဆိုသော စစ်ပြန်ကြီးလုံးတုံးသည်ကား စစ်သည်စာဆို ‘မြဝတီမင်းကြီးဦးစ’ ဝင်စားခဲ့သူကိုး မောင်မင်းတို့”
“မင်းက မြဝတီမင်းကြီးဦးစ ဝင်စားတာ မဖြစ်နိုင်ဘူး၊ စိမ်းမောင်ကမှ မြဝတီမင်းကြီး ဦးစ ဝင်စားတာ အမှန်ကွ”
“ဟေ . . ငါက ဘာဖြစ်လို့ မြဝတီမင်းကြီး ဝင်စားတာ ဖြစ်ရမှာလဲ”
“ဟဲဟဲ ဟဲဟဲ . . . မင်းက မုသာဝါဒရုပ်သံ ‘မြဝတီ’ ပဲ အမြဲကြည့်သူမို့ပါတဲ့ဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ခ)
စကားဝိုင်းကား ‘သံပေါက်ကဗျာ’ ဆီသို့ ရောက်ရှိလာခဲ့လေကာ အဘစောမူးသာက “စိမ်းမောင်တို့ ဖေကြီးတို့ မရောက်ခင် ငါနဲ့လုံးတုံး ရှေးကဗျာတွေအကြောင်း ပြောနေကြတာကွ၊ အဲဒါကြောင့် လုံးတုံးက အတွေးရရင် သူ့စာအုပ်ထဲမှာ ချချရေးနေတာဟ” ဟု ပြောပါ၏။
“ဪ . . . ဒါကြောင့် နှစ်ဦးသား ငြိမ်ေနကြတာကိုး”
“အေးကွ”
“ခုနက မူးသာရွတ်ပြခဲ့တဲ့ ‘မဂ်ဖိုလ်ဧကန်၊ ရပြီးမှန်၊ တိရစ္ဆာန်ဘယ်ကြောင့်ဖြစ်သနည်း’ ဆိုတာကို ခေတ်ကာလနဲ့အညီ ငါပြန်စပ်ထားတာရှိသကွ ဖေကြီးရ”
“ဘယ်လိုများလဲ အဘလုံးတုံးရယ်”
အဘလုံးတုံးက ပြုံးစိပြုံးစိလုပ်က သူ၏သံပေါက်ကဗျာကို ရွတ်ပြပါလေ၏။
“‘စစ်ဗိုလ်ဧကန်၊ ဖြစ်ပြီးမှန်၊ တိရစ္ဆာန်ဘယ်ကြောင့်ဖြစ်သနည်း’”
“ဟီး ဟီး ဟီး ဟီး ဟီး ဟီး”
“‘လင့်စင်စပါး၊ စာမစား၊ အဖျားစိမ်းလဲ့လဲ့’ ကိုတော့ တမျိုးရေးထားတယ်”
“ဘယ်လိုများလဲ အဘ”
“‘ကျင့်စဉ်တခြား၊ သာဝနွား၊ အများကြိမ်းကဲ့ရဲ့”
“တယ်ဟုတ်ပါလား လုံးတုံးရ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
သို့ဖြင့် အယုတ်တမာ မအလကြောင့် ဖြစ်ပေါ်လာသည့် ယနေ့ခေတ်ဆိုး ခေတ်ပျက်ကြီးနှင့် ပတ်သက်၍ ‘သံပေါက်များ’ ရေးကြည့်ကြရန် ဆော်ဩလာလေရာ ပေါ့ပေါ့ပါးပါး ရယ်မောကြကာ စဉ်းစားဖြစ်ကြပါလေတော့၏ ခင်ဗျာ။
“ကဲ မူးသာ . . . မင်းအရင် စပ်ကွာ”
အဘလုံးတုံးကပြောတော့ အဘစောမူးသာကာ ပြုံးစိပြုံးစိလုပ်ကာ စဉ်းစားနေပါ၏။ ခဏနေတော့ တပုဒ် ရွတ်ပါ၏။
“ကြင်စိုး သာဝ၊ မအလ၊ ယုတ်လှကမ်းကုန်ပါ့”
“ဟားဟား ဟားဟား ဟားဟား . . အကောင်းစား သံပေါက်ပါလားဟ”
“လူထုအသံ လူထုအတွေး လူထုအရေးပဲဟ”
“ကဲ ကဲ ဒီတခါအလှည့်ကျသူကတော့ လေရှီးက ဖေကြီးပါပဲ”
“အဲ . . ရုတ်တရက်ကြီးဆိုတော့ မထွက် . .”
“ခေါင်းအေးအေးထား၊ စိတ်ရွှင်ရွှင်ထား၊ ထွက်လာလိမ့်မယ် ဖေကြီးရေ”
သို့ဖြင့် ဆေးပေါ့လိပ်ကိုကောက်ဖွာကာ ခေတ်ဆိုးပုံရိပ်များကို မြင်ယောင်ကြည့်မိပါ၏။ ခဏနေတော့ တပုဒ်ရပါ၏။ အဘတွေက နားစွင့် မျှော်လင့်နေကြ၍ ရွတ်ပြဖြစ်ပါ၏။
“ကြင်စိုးကျရှုံး၊ တပြည်လုံး၊ အုံးအုံးထပျော်မည်”
“ဟားဟား ဟားဟား . . . အကောင်းစားပါပဲ ဖေကြီးရဲ့၊ ဟုတ်တယ်နော် လုံးတုံး”
“ဟုတ်တယ်ကွ၊ အဲသလို ကြင်စိုးကျဆုံးချိန်ရောက်ရင် တနိုင်ငံလုံးမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ တကယ့်ကို အုံးအုံးထနေမှာ အမှန်ပဲ”
“အဲသလို ဒီမသာကြင်စိုး အမြန်ဆုံး ကျဆုံးဖို့အတွက် ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရတဲ့နေရာကနေ ပါဝင်ပူးပေါင်းပြီး တိုက်ပွဲဝင်ကြဖို့လိုသကွ”
“အဲဒါတော့ အမှန်ပဲကွ၊ ကဲကဲ စိမ်းမောင်ရေ လုပ်ပါအုံး တပုဒ်လောက်”
“အမ် . . . ငါ . . . ငါ မစပ်တတ်ဘူးကွ”
“ဘာခုမှ မစပ်တတ်ဘူးလဲ၊ ငယ်ငယ်တုန်းက ရည်းစားစာရေးရင် ကဗျာတွေအမြဲတမ်း ထည့်ထည့်ရေးခဲ့တဲ့ကောင်ကများ”
“အဲ . . . ငါ ငါ အခုတော့ မစပ်ချင်ဘူး”
“ခေတ်အခြေအနေကိုစပ်တာပဲကွာ၊ တခုခုတော့ လုပ်ပါဟ”
ထိုအခါ အဘစိမ်းမောင်မှာ ပြတင်းပေါက်မှေန၍ ခြံထဲသို့ငေးကာ တွေးနေပုံရပါ၏။ အရွှင်အဘတွေက ဖေကြီးအား မေးထိုးပြပါ၏။ သိပ်မကြာခင်မှာ “ငါ ရွတ်ပြမယ်” ဟုဆို၍ သူ၏သံပေါက်ကို ရွတ်ပြပါလေ၏။
“ခြောက်ငါးကျော်လည်း၊ မထွက်ရဲ၊ အဆွဲကြမ်းကြသည်”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“ဘာ ထရယ်ကြတာလဲဟ”
“ကောင်းလို့ပါ စိမ်းမောင်ရ၊ ဒါ ခေတ်ပြိုင်ကဗျာပေါ့ကွ၊ ဟိုတနေ့ကပဲ ရွာထဲက အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ကိုဘိုကြည် ဆိုင်ကယ်စီးပြီး မြို့ကအပြန် ဖက်ဆစ်တပ်သားတွေက ဖမ်းဆွဲထားပါရောလား”
“သူက ၇၀ ကျော်ပြီလို့ပြောပေမဲ့ မရဘူးကွ၊ ဒါနဲ့ ရွာကလိုက်သွားပြီး ထုတ်ရတယ်”
“အဆင်ပြေသွားတာပေါ့”
“ဒီအတိုင်းတော့ ရမလားကွ၊ ၃ သိန်းတောင်မှ မသထာရေစာ ပေးခဲ့ရတာဟ”
“မလွယ်ပါလား အဘရာ၊ ဒါကြောင့်လည်း အဘစိမ်းမောင့်ဆီက ဒီကဗျာ ထွက်ကျလာတာကိုး”
“စိမ်းမောင့်ကဗျာ၊ အသံသာ၊ ခေတ်လာထင်ဟပ်ဗျား”
“ဟား ဟား ဟား ဟား ဟား ဟား”
(ဂ)
မြန်မာ့သမိုင်းကြောင်းအရ ‘သူ့ကျွန်’ ဘဝ နှစ် ၁၀၀ ကျော်မှာ ကဗျာတွေ စာတွေနဲ့လည်း တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ပြောပြကြပါတယ်။
“သူ့ကျွန်ဘဝမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရဲရဲတောက် မဟာလေးချိုးကြီးတွေဟာလည်း ရန်သူ့အတွက် ဓားတွေ လှန်တွေပဲပေါ့ ဖေကြီးရာ”
“ဒီဘက်ခေတ် ‘ငါ့ကျွန်ဘဝ’ နှစ် ၇၀ ကျော်မှာလည်း တိုက်ပွဲဝင်ကဗျာတွေဟာ မတရားအုပ်စိုးသူ ဖက်ဆစ်ဘီလူးတွေအတွက် ထိတ်လန့်စရာ ‘ဓား သံလျက်’ တွေပဲပေါ့ကွာ”
“ဒါကြောင့်လည်း မဆလခေတ်ကနေ နဝတ နအဖခေတ်အထိ ‘စာပေကင်ပေတိုင်အဖွဲ့’ ကနေ စာကဗျာတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး ‘ဆင်ဆာ’ တင်းကျပ်ခဲ့ကြတယ်”
“အင်း . . .”
“ကဗျာတွေကို ဖြုတ်ထုတ်သတ်လုပ်ရုံတင်မကဘဲ ကဗျာဆရာတွေကိုပါ ထောင်တွေထဲ ထည့်ထားခဲ့ကြတယ်ကွ”
“ဟုတ်ကဲ့အဘ”
“ဒါပေမဲ့လည်း စစ်အာဏာရှင်တွေကို ဒူးထောက်အညံ့မခံဘဲ တိုက်ပွဲခေါ်သံကဗျာပေါင်းများစွာ ထွက်ပေါ်ခဲ့တာ အားရစရာကြီးကွ”
အခုလည်း ပြည်သူလူထုထဲမှာ ကြင်စိုး သာဝ မအလကို ထီမထင်ဘဲ စိန်ခေါ်တဲ့ကဗျာတွေ တလှေကြီ းရှိနေပြီဟု ဆိုကြပါ၏။
“မင်း အခု အွန်လိုင်းပေါ်ကနေ မအလအတွက် ဂုဏ်ပြုသံပေါက်ကဗျာတွေ ဖိတ်ခေါ်ကြည့်၊ အပုဒ်ရေ သန်းနဲ့ချီပြီး ရောက်လာလိမ့်မကွ”
“လုံးတုံးပြောတာ အမှန်ပဲကွ စိမ်းမောင်ရ၊ မင်းတို့အဘ မအလကို လူတွေ ဘယ်လောက်ချစ်တယ် ဆိုတာ လက်တွေ့မြင်ရမှာ”
“အဲ . . .”
“ကဲပါ မူးသာရာ . . တပ်ပျက်ပြီး တပ်ပြုတ်နေပြီဖြစ်လို့ မကြာခင် ကျဆုံးတော့မယ့် မအလ အတွက် မင်းရင်ထဲက ဂုဏ်ပြုကဗျာလေးတပုဒ်ေလာက် ထပ်ထုတ်ပေးပါအုံး”
အဘလုံးတုံး စကားဆုံးတော့ အဘစောမူးသာက အကြမ်းခွက်ကို မော့ချကာ ရွတ်ပြလာပါ၏။
“ဖက်ဆစ်တပ်တွင်၊ လူမမြင်၊ အလင်းဝင်သူများလေပြီ”
“အလင်းဝင်လာ၊ လက်နက်ပါ၊ တပ်မှာအခွံဖြစ်တော့မည်”
“ဟားဟား ဟားဟား ဟားဟား . . . တယ်ကောင်းပါလားဟ”
“ကဲ ကဲ . . . လုံးတုံးရေ၊ နိဂုံးချုပ်အနေနဲ့ သံပေါက်ကဗျာလေး ရွတ်ပေးပါအုံး”
အဘလုံးတုံးက ပြုံးပါ၏။ ပြီးသည့်အခါ “နိဂုံးချုပ်ရရင်တော့ ရွှေဘော်ကျွန်းဆရာတော်ရဲ့ တဘောင်သံပေါက်ကလေးနဲ့ အဆုံးသတ်ပါရစေဗျား” ဟုဆိုကာ ရွတ်ဆိုပါလေ၏။
“မီးကုန်ယမ်းကုန်
ရိက္ခာကုန်
တပ်တွင်းသူပုန်ထလိမ့်မည်”
“သူပုန်ထကာ
မင်းမိစ္ဆာ
ချက်ချင်းလုံးဝကျရှုံးမည်”
ဖေကြီး(လေရှီး)