(က)
တောင်ကျောင်းဆရာတော် ဦးအစိမ်းတက လက်ရှိအခြေအနေကြီးကို ပြီးဆုံးစေ့ချင်ပြီဟု မိန့်တော့ အရွှင်အဘတွေက ပြုံးကြပါ၏။
“တပ်ချုပ်ကြီးက လက်နက်ကိုင်အဖွဲ့တွေကို ‘နိုင်ငံရေးနည်း’ နဲ့ ဖြေရှင်းကြဖို့ ဖိတ်ခေါ်နေတာ အခြေအနေဘယ်လိုလဲဟ” ဟုလည်း မေးလာပါလေရာ အရွှင်အဘတွေက ပြုံးစိပြုံးစိ လုပ်ကြပါလေ၏ ခင်ဗျာ။
“ဘယ်အဖွဲ့မှ မလာပါဘူး ဘုရာ့”
“ဟေ . . .”
“‘နိုင်ငံရေးနည်း’ နဲ့ လျှောက်လှမ်းနေတဲ့ နိုင်ငံနဲ့ အစိုးရကို ‘လက်နက်ကိုင်နည်း’ နဲ့ အတင်းအဓမ္မ အာဏာသိမ်းခဲ့သူတွေရဲ့ ဖိတ်ခေါ်မှုဟာ ရယ်စရာကြီးပါ ဘုရား”
“ဟားဟား ဟားဟား ဟားဟား”
“ကြင်စိုး သာဝ မအလဟာ ‘ပြောင်းပြန်’ တတ်ပုံရတယ်၊ ပြောလိုက်ရင် လုပ်လိုက်ရင် ‘ပြောင်းပြန်’ ချည်းပဲ”
“အဲ . . .”
“အဝီစိကို ‘စောက်ထိုး’ ဆင်းမယ့်ကောင်ဆိုတော့ ‘ပြောင်းပြန်’ ကျင့်နေတာဖြစ်မှာပေါ့ မူးသာရာ”
“အဲဒီလိုဖြစ်မှာပါတဲ့ဗျား”
“ဟား ဟား ဟား ဟား ဟား ဟား”
“အခုလို သူက လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်နေတာကို မလာကြရင် ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲဟ”
“ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတော့ ကြင်စိုးဟာ များမကြာခင် ကံတော်ကုန်ပြီး ငရဲရွာစံတော့မှာပေါ့ ဘုရာ့”
“အာ့ . . .”
“အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ အောက်မှာ အဖိခံနေရလို့ ပြားနေတဲ့သူက အပေါ်ကတက်ဖိထားတဲ့လူကို ‘ကြောက်ပြီလားကွ၊ မှတ်ပြီလားကွ’ လို့ ပြောနေတာနဲ့ တူမနေဘူးလား ဘုရား”
“ဟား ဟား ဟား ဟား ဟား ဟား”
“စစ်ရှုံးမင်း၊ တပ်ပြေးမင်း၊ တပ်ပျက်မင်း၊ တပ်ပြုတ်မင်း၊ မြေဩဇာတို့ရဲ့ အရှင်သခင်၊ မုန့်ဟင်းခါးကိုယ်တော်ကြီးဟာ မကြာခင်မှာ သွက်သွက်ခါအောင် ‘ရူး’ တော့မှာ”
“အာ . . .”
“ပြည်တွင်းမှာ ‘စစ်မှုထမ်း’ ဖို့ အတင်းအကြပ် အဓမ္မ ‘ဆွဲ’ နေတာတောင် လုံလောက်တဲ့ အင်အားမရလို့ အခုဆိုရင် နိုင်ငံခြားကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုတောင် စစ်မှုထမ်းဖို့ ပြန်လာရမယ်လို့ လုပ်နေပြန်ပြီ ဘုရာ့”
“တယ်လည်း ခက်တဲ့လူပဲ . . .”
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ”
“အဲဒါကြောင့် တပည့်တော်တို့က အစဉ်အမြဲ ပြောခဲ့တာပေါ့ဘုရာ့ . . . မအလ ဟာ ‘ရူး’ နေတာပါလို့”
“အင်း . . . အဲ . . .”
“အခုတော့ မအလကြီး ရူးနေတယ်ဆိုတာကို အရှင်ဘုရားတို့ စိမ်းမောင်တို့လည်း လက်ခံလာပြီ မဟုတ်လား”
“ဟှူး . . . . . ဝှူး”
“ပါးစပ်ကနေ ငြိမ်းချမ်းရေးဖိတ်ခေါ်နေပြီး လက်ကတော့ ပေါင် ၅၀၀ ဗုံးတွေ မနားတမ်း ချနေတဲ့သူဟာ ဘယ်လိုကောင်လည်းဆိုတာ သဘောပေါက်ကြြပီမဟုတ်လား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
စစ်ပြန်ကြီး အဘလုံးတုံးက “မင်းတုန်းမင်းကြီးနဲ့ ယောအတွင်းဝင် ဦးဖိုးလှိုင်တို့ အပြန်အလှန် ပြောဆိုကြတာလေး ပြေးသတိရမိတယ်ဘုရာ့” ဟု ဆိုလာပါလေရာ “လုပ်စမ်းပါအုံး လုံးတုံးရ” ဟု ပြောပါ၏။
“‘မရှိတာထက် မသိတာခက်’ သတဲ့၊ ‘မသိတာထက် ခက်တာကော’ ရှိသေးသလားဟလို့ မေးတယ်တဲ့”
“အဲသည်တော့ . . .”
“‘မသိတာ’ ထက်ခက်တာ ရှိပါသေးတယ်ဘုရာ့၊ အဲဒါက ‘သိလျက်နဲ့’ ဘာမှမလုပ်တာပါဘုရာ့ တဲ့၊ မအလလိုပေါ့ ဘုရား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
ကြင်စိုး သာဝ မအလကား မရှိလည်းမရှိ၊ မသိလည်းမသိ၊ ဘာမှလည်းမလုပ်တတ်ပေရာ သူလုပ်တတ်ရှာသည့် တခုတည်းသောအလုပ်ဖြစ်သည့် ‘ဗုံးကြဲခြင်း’ အလုပ်ကိုသာ လူတွေအိပ်စက်အနားယူချိန် ညဉ့်နက်သန်းခေါင်မှာမှ လုပ်နေပါသတဲ့။
“စိတ္တဇလူသတ်သမား မအလဟာ ငါတို့ကို တော်လှန်နေတဲ့လူတွေ လေယာဉ်သံကြားရင်ကို ကြောက်နေပါစေလို့ ပြောသတဲ့ စိမ်းမောင်ရာ၊ ဘယ်လောက်များ လူစိတ်မရှိတဲ့ အယုတ်တမာကောင်လဲ ဆိုတာ”
“အေး . . . အဲ . . .”
စကားဝိုင်းမှာ မအလ၏ ပရမ်းပတာ လုပ်ဆောင်ခဲ့မှုများနှင့် ဆက်လက်လုပ်ဆောင်လာနိုင်သည့် ကိစ္စများကို သုံးသပ်ကြပါ၏။
“အခုလည်း တနိုင်ငံလုံး ‘သန်းခေါင်စာရင်း’ ကောက်မယ်ဆိုပြီး လုပ်နေပြန်တယ်ဘုရာ့”
“အိမ်း . . . ဒါကတော့ ကောင်းတဲ့အချက်ပေါ့ကွ မူးသာရ၊ နိုင်ငံတော်မှာ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျ သိခွင့်ရမယ် မဟုတ်လား”
“ဟားဟား ဟားဟား ဟားဟား”
“နင်တို့က ဘာထရယ်ကြတာလဲ”
“အဲ . . အဲသည်လို နိုင်ငံ့လက်ရှိလူဦးရေကို အတိအကျကောက်ရုံဆိုရင်တော့ ကောင်းတာပေါ့ဘုရာ့၊ အခုဟာက ဘာတွေဘယ်လိုလုပ်ဖို့ အားထုတ်နေတယ် မပြောတတ်ဘူး ဘုရာ့”
“ဘယ်လိုတွေများ ဖြစ်နေလို့လဲဟ”
“ဘယ်လိုတွေ ဖြစ်ရမလဲဘုရာ့ . . ဖြေဆိုရမယ့် အချက်အလက်တွေက အများကြီးမှ အများကြီး”
“ဖြေရမယ့်အချက်အလက်တွေက အများကြီး ဟုတ်လား”
“မှန်ပ့ါဘုရာ့၊ ‘အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား’ တဲ့”
“ဟဲ့ . . .”
“‘အိမ်ထောင်ရေးအခြေအနေ’ တဲ့၊ ‘နေအိမ်အမျိုးအစား’ တဲ့၊ ‘အိမ်ရှိအခန်းအရေအတွက်’ တဲ့၊ ‘အိပ်ခန်းအရေအတွက်’ တဲ့”
“ဟဲ့ ဟဲ့ . . . အဲဒါတွေကောလား”
“တင်ပါ့ဘုရား၊ အများကြီးကျန်ပါသေးတယ်”
“ဟေ . . .”
“‘သောက်သုံးရေ ရရှိမှု’ တဲ့၊ ‘အလင်းရောင်အတွက် မီးအသုံးပြုမှု’ တဲ့၊ ‘လောင်စာအသုံးပြုမှု’ တဲ့၊ ‘အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု’ တဲ့”
“ဟဲ့ ဟဲ့ . . . များလှပါလား ဟဲ့”
“‘အမှိုက်စွန့်ပစ်မှု’ တဲ့၊ ‘လက်ဆေးခြင်းအကြောင်းအရာ’ တဲ့”
“ဟဲ့ ဟဲ့ . . များလှချည်လား လုံးတုံးရာ၊ ဘာတွေလဲကွာ”
“အဲဒါပြောတာပေါ့ဘုရာ့၊ ‘သန်းခေါင်စာရင်း’ ကောက်တာလား၊ ပြည်သူတဦးချင်းစီရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နေတာလား”
“လုံးတုံးပြောတာအမှန်ပဲဘုရာ့၊ ပြီးရင် ‘ငယ်ရည်းစားအမည်’ တို့၊ ‘အပျိုဖော်ဝင်တဲ့ရက်စွဲ’ တို့၊ ‘ဝဲပေါက်ဖူးလား’ တို့၊ ‘မယားငယ်အမည်’ တို့၊ ‘လေလည်တဲ့အသံ’ တို့၊ ‘ချေးဘယ်နှစ်တုံးပါလဲ’ တို့၊ ‘ဘယ်လိုမျိုး ဆဲဆိုတတ်သလဲ’ တို့၊ ‘ခွက်ပုန်းချလား’ တို့ . . . . . လာလိမ့်အုံးမယ် ဘုရား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
စိမ်းသရဖူစိမ်း ဆရာတော်ကား ဦးပြည်းပြောင်ပြောင်ကို ကုတ်တော်မူနေပြီး “ဘာတွေလဲကွာ” ဟုလည်း နှုတ်မှ ရွတ်နေပါလေ၏ခင်ဗျာ။ အဘစောမူးသာက “ဒင်းတို့ရဲ့ကြေညာချက်ထဲမှာ သံသယဖြစ်စရာတွေ ပါနေတယ်” ဟု ဆိုပါ၏။
“သန်းခေါင်စာရင်းမေးခွန်းတွင် ပါရှိသည့် ‘နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များ’ အတွက်လည်း စိုးရိမ်စရာမလိုပါ၊ မည်သို့မျှ အရေးယူမည်မဟုတ်ပါတဲ့၊ အဲဒါက သူတို့ရဲ့ မရိုးသားမှုကနေ ထွက်ပေါ်လာတဲ့ မလုံမလဲလေသံမဟုတ်လား”
“ဘုရား ဘုရား . . . ဘာတွေလဲကွာ”
“ဘာတွေမှန်းကို မသိပါဘူး ဘုရား”
“ဟားဟား ဟားဟား ဟားဟား”
ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူမယ်လို့သာ ပြောတယ်၊ ဒင်းတို့စိုးမိုးနိုင်တဲ့နယ်မြေက တနိုင်ငံလုံးမှာ သုံးပုံတပုံလောက်ပဲ ကျန်တော့တာပါတဲ့။ မအလကတော့ ဆက်၍ရူးနေဆဲ။
“ဒီကောင်ကြီးရူးနေတာကို နောက်လိုက်တွေကလည်း အပြိုင်လိုက်ရူးနေတာ အံ့ဩစရာ”
“သူတို့ရဲ့လုပ်ရပ်တွေကြောင့် သူတို့ရဲ့အနာဂတ်တွေ မကောင်းတော့ဘူးဆိုတာ မလှပတော့ဘူး ဆိုတာကိုလည်း သိနေကြပြီဖြစ်တော့ ဘုရင်ရူးနဲ့ ကျွန်ရူးတွေဟာ ‘ဇာတ်’ ကကြပြီပေါ့ဟ”
“ဘာ ‘ဇာတ်’ လဲ လုံးတုံးရ”
“မြို့မေတ္တာခံယူမယ့် ဇာတ်ဆရာ ပန်တျာကြင်စိုး ဦးစီးတဲ့ ‘မထူးဇာတ်’ ပါတဲ့ဗျား”
“ဟား ဟား ဟား ဟား ဟား ဟား”
ဆရာတော်တွေကိုပါ သန်းခေါင်စာရင်းကောက်မှာဖြစ်လို့ မှန်ကန်စွာဖြေဆိုဖို့ ပြင်ဆင်ထားပါဟု အရွှင်အဘတွေက ကြပ်ကြပါ၏။ “ငါတို့ကိုကျတော့ ဘာတွေမေးမှာလဲ” ဟု မေးလေ၏။
“ဥပမာပြောရရင်တော့ ‘၂၂၇ သွယ်သောသိက္ခာပုဒ်တွေကို အမှန်အကန် စောင့်ထိန်းရဲ့လား’ တို့၊ ‘ခြင်ရိုက်ဖူးလား’ တို့၊ ‘ဝတ္ထုငွေကိုင်လား’ တို့၊ ‘စီးနေတဲ့ကားဟာ ဝစ်သောက်လား’ တို့၊ ‘နေ့လွဲညစာ စားသလား’ တို့၊ ‘ချဲဂဏန်းပေးလား’ တို့ . . . ဘာတို့ပေါ့ဘုရား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
တောင်ကျောင်းကိုယ်တော်ကား အရွှင်အဘေတွကိုကြည့်ကာ “ဟှူး” ကနဲ သက်ပြင်းချပါေလ၏ ခင်ဗျာ။ အဘစောမူးသာက လဝက ဝန်ထမ်းဟောင်း စာရေးဆရာမ ‘ဂျေလှသင်’ ပြောတာလေးကို ပြန်ပြောပြပါ၏။
“‘အခု ကြင်စိုးက သန်းခေါင်စာရင်းကောက်ခိုင်းနေတယ်ဆိုတာ အလကား စောက်ပိုလုပ်တာ။ နိုင်ငံတခုရဲ့ လူဦးရေစာရင်းကို တနိုင်ငံလုံးကို တပြိုင်နက် မကောက်နိုင်ရင် တသက်လုံး မမှန်ဘူးမှတ်။ နဂိုကတည်းက မြို့နယ်ရုံးတွေ တိုင်းရုံးတွေဟာ ၆၆ (ဃ) လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းကို လာဘ်စားပြီး ပုံစံ(၁၀)ကို ထင်သလို ဝင်ထွက်နေကြတဲ့ဥစ္စာ’ တဲ့”
“ဟေ . . .”
“‘ဒင်းတို့လိုချင်တာက လူဦးရေစာရင်းမဟုတ်ဘူး၊ စစ်မှုထမ်းခိုင်းဖို့စာရင်းနဲ့ ဘယ်အိမ်မှာ ဒေါ်လာစားရှိသလဲ၊ ဘယ်အိမ်က ဘယ်လောက်ချမ်းသာသလဲ ဆိုတာကို သိချင်တာ’ တဲ့”
“ဟှူး . . . . . ဖှူး . . . .”
ဆရာတော်၏ သက်ပြင်းချသံအပြီးမှာ အဘစောမူးသာက “အတိတ်နိမိတ်အရ ဆိုရင် မအလရဲ့ အခြေအနေဟာ အမှောင်ဆုံးအချိန်ဖြစ်တဲ့ ‘သန်းခေါင်’ ကို ရောက်နေပါပြီ ဘုရာ့” ဟုဆိုပါ၏။
“သူကျရှုံးတာနဲ့ ငါတို့နိုင်ငံတော်ဟာ အရုဏ်ကျင်းလို့ လင်းတော့မယ့် နိမိတ်ပေါ့ လုံးတုံးရ”
“အေးကွ . . ဒီတော့ကာ ကြင်စိုး သာဝ မအလအတွက် ‘ဂန်းချစ်သူ’ ဆိုတဲ့ သီချင်းလေးကိုတောင်မှ ဆိုချလိုက်ချင်လှသကွာ”
“ကြားပါရစေလား ခင်ဗျာ”
အဘလုံးတုံးက အဖန်ရည်ခွက်ကိုမော့ချပြီး ပြုံးပြုံးကြီးလုပ်၍ ကောက်ကာငင်ကာ ဆိုချလိုက်ပါတော့၏ ခင်ဗျာ။
“အမှောင်ယံ ကြင်စိုးရဲ့ ညရယ်
ဒို့အဘရဲ့ ညသန်းကောင်ယံထဲ
ထိတ်လန့်ခြင်းက လွှမ်းမိုးလို့
မငြိမ်သက်ဘဲ ဒို့အဘအမှောင်ယံဘဝထဲ
ဟိုး ဟို ဟိုး မနီး မဝေးက
မငြိမ်သက်ဘဲ မိုင်းကွဲသံကိုကြားတယ်”
ဖေကြီး(လေရှီး)