အမေရိကန်မှာ ကမ်မလာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ အပြိုင်မဲဆွယ်စည်းရုံးလှုပ်ရှားနေချိန်မှာပဲ ကမ္ဘာကြီးရဲ့ တနေရာမှာ ကမ္ဘာကြီးရဲ့ မြေဧရိယာအများအပြားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတချို့ စုဝေးနေခဲ့ကြတယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ဒုတိယပတ်ထဲမှာပါ။ နယ်မြေဧရိယာ အကျယ်အဝန်းအရ ကမ္ဘာ့အကြီးဆုံးနိုင်ငံတခုဖြစ်တဲ့ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်အပြီး ၃ နှစ်အကြာမှာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတကာ အစည်းအဝေးတခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခဲ့တယ်။
ယူကရိန်း ကျူးကျော်စစ်ကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ခံထားရပြီး ပေါင်းသင်းဆက်ဆံသူမရှိ အထီးကျန်နေပြီလို့ ထင်ရတဲ့ ရုရှားဟာ ကမ္ဘာပေါ်မှာ ကျန်နေသေးတဲ့ ထိပ်သီးနိုင်ငံကြီးတချို့က ခေါင်းဆောင်တချို့နဲ့အတူ လက်ချင်းချိတ်ပြီး သူ့အနီးအနားမှာ အင်အားကြီးနိုင်ငံတွေ ရှိနေသေးတာကို ထုတ်ဖော်ကြွားဝါသွားခဲ့တယ်။ ဒါ့အပြင် ဒီအစည်းအဝေးဟာ ကမ္ဘာပေါ်မှာ အမေရိကန်ကို အံတုမယ့် အင်အားစုကြီးတခု အသေအချာ ရှိနေပြီဆိုတာကိုလည်း ထုတ်ပြသွားခဲ့တယ်။
နိုင်ငံတကာအစည်းအဝေးက BRICS ဖြစ်ပြီး အောက်တိုဘာ ၂၂ ကနေ ၂၄ အထိ ရုရှားနိုင်ငံအလယ်ပိုင်း၊ ကာဇန်မြို့မှာ ကျင်းပသွားခဲ့တာပါ။ ဒီအစည်းအဝေးဟာ ရုရှားရဲ့ အောင်ပွဲဖြစ်သလို ပူတင်ရဲ့ အောင်ပွဲလည်း ဖြစ်တယ်။ ဒီအဖွဲ့ စဖွဲ့ခဲ့တာတော့ ကြာပါပြီ။ ၂၀၀၉ ခုနှစ်ကတည်းက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အခြေခံပြီး ဖွဲ့စည်းခဲ့တာပါ။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်။ နယ်မြေဧရိယာအရရော စီးပွားရေးအရပါ အင်အားကြီးမားတဲ့ (အမေရိကန်နဲ့ ဥရောပ မပါတဲ့) အဖွဲ့အစည်းပါ။ နောက်တော့ တောင်အာဖရိက ပါလာတယ်။ နောက်တော့ အီရန်၊ အီဂျစ်၊ အီသီယိုပီးယား၊ ယူအေအီး ပါလာတယ်။ အခု ၂၀၂၄ ရုရှားအစည်းအဝေးမှာတော့ နောက်ထပ် မိတ်ဖက်အဖွဲ့ဝင် ၁၃ နိုင်ငံ တိုးလာတာ တွေ့ရတယ်။ အယ်လ်ဂျီးရီးယား၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ထိုင်း၊ တူရကီ၊ ယူဂန္ဓာ၊ ဥဇဘက်ကစ္စတန် နဲ့ ဗီယက်နမ်။
မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းလာတဲ့အထဲမှာ ထူးထူးခြားခြား အာဆီယံက မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါလာတာတွေ့ရတယ်။ ဘီလာရုစ်၊ ကျူးဘား၊ ဘိုလီဗီးယားတို့ ကတော့ နဂိုကတည်း အမေရိကန်နဲ့ အနောက်အုပ်စုကို ဗြောင်ဆန့်ကျင်နေတဲ့ နိုင်ငံတွေပါ။ မိတ်ဖက်အဖွဲ့ဝင်အဖြစ် ပါဝင်ချင်လို့ အသည်းအသန်ကြိုးစားခဲ့ပြီး ဝင်ခွင့်မရလိုက်တဲ့ နိုင်ငံတခုက လက်တင်အမေရိက က “ဗင်နီဇွဲလား” ပါ။ ဗင်နီဇွဲလားဆိုတာ အမေရိကန်ကို တောက်လျှောက် ဆန့်ကျင်နေတဲ့နိုင်ငံဖြစ်ပြီး လက်ရှိခေါင်းဆောင်က အာဏာရှင် မာဒူရိုပါ။ သူက BRICS မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတာကို ဘရာဇီးက ဗီတိုအာဏာနဲ့ ပယ်ချပါတယ်ဆိုပြီး ဘရာဇီးက သူ့သံအမတ်ကိုပါ ပြန်ခေါ်လိုက်သူပါ။
နိုင်ငံအများစုက အမေရိကန်နဲ့ ဆက်ဆံရေးအဆင်မပြေကြတဲ့နိုင်ငံတွေပါ။ မေးစရာရှိတာက အာဆီယံက ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားပါ။ အင်ဒိုနဲ့ မလေးရှားက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒကို မနှစ်မြို့ကြပေမဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ဗီယက်နမ်ရဲ့ မူဝါဒက ဝါးပင်ဒီပလိုမေစီလို အလိုက်အထိုက် ဟိုဘက်ယိမ်း၊ ဒီဘက်ယိမ်း၊ အမေရိကန်လည်းမဟုတ် တရုတ်၊ ရုရှားလည်းမဟုတ်။ ထိုင်းက အမေရိကန်နဲ့ အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံအဖြစ်ကနေ ထူးထူးခြားခြား ဒီအဖွဲ့ထဲပါလာတယ်။
အဓိက ကတော့ အမေရိကန်နဲ့ ဂျီ-ဆဲဗင်းအုပ်စုကို အာခံဖို့ တန်ပြန်ဖွဲ့စည်းလိုက်တာပါ။ Global south လို့ ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်ဆဲ တောင်ကမ္ဘာခြမ်းနိုင်ငံတွေရဲ့ အစုအဖွဲ့ပါ။ မူလခေါင်းဆောင် ၅ ဦး (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) နဲ့ အခုထပ်ပေါင်းလိုက်တဲ့ နိုင်ငံတွေအားလုံးဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း အထက်ရှိပြီး စုစုပေါင်း ဂျီဒီပီ ၂၈ ရာခိုင်နှုန်း ရှိကာ၊ ကမ္ဘာ့ရေနံထုတ်လုပ်မှုပမာဏ ၃၀ ရာခိုင်နှုန်အထိ ရှိတယ်။ ဒါက ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်း သာရှိတဲ့ ဂျီ-ဆဲဗင်းနိုင်ငံတွေထက် ပိုများတယ်။
ထူးခြားမှုက ရုရှားက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ဒီနှစ် BRICS အစည်းအဝေးကို လေ့လာသူအပါအဝင် နိုင်ငံပေါင်း ၄၀ လောက်က တက်ရောက်လာတာပဲဖြစ်တယ်။ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနဲ့ ဆက်ဆံရေးကျဲသွားတဲ့ နိုင်ငံတွေ အပါအဝင် နဂိုကတည်းက ရုရှားဘက်ယိမ်းတဲ့ အာဏာရှင်နိုင်ငံတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် ဒီအစည်းအဝေးဟာ ရုရှားရဲ့ ဂုဏ်သိက္ခာဆည်ပွဲ ဖြစ်ခဲ့သလို ပူတင်အတွက် လက်မထောင်စရာ ဖြစ်ခဲ့တယ်။
ဒီအုပ်စုမှာ အင်အားအကြီးဆုံးက တရုတ်ပါ။ တရုတ်၊ ရုရှား၊ အိန္ဒိယ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံကြီးသုံးနိုင်ငံရဲ့ ပေါင်းစည်းမှုဟာ အမေရိကန်ကို စိန်ခေါ်နိုင်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်ရေးမှာ ဒေါ်လာလွှမ်းမိုးမှုက လွတ်မြောက်ဖို့၊ အမေရိကန်တဦးတည်းရဲ့ ဗိုလ်ကျလွှမ်းမိုးမှုက ရုန်းထွက်ဖို့ ရည်ရွယ်ခဲ့ကြတယ်။
အင်အားကြီး ၃ နိုင်ငံ( တရုတ်၊ အိန္ဒိယ၊ ရုရှား)အနက် အိန္ဒိယရဲ့ အနေအထားကတော့ ထူးခြားတယ်လို့ ဆိုရမယ်။ နိုင်ငံရေးအရ အိန္ဒိယနဲ့ တရုတ်အကြား ဟိမဝန္တာနယ်ခြားပြဿနာ ရှိနေပြီး အိန္ဒိယဟာ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန် တို့ပါဝင်တဲ့ Quad အဖွဲ့ဝင်လည်း ဖြစ်တယ်။ တရုတ်ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်ဝေဖန်ခြင်းမရှိသလို ရုရှားနဲ့ စစ်ရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တောက်လျှောက်ပြုလုပ်နေတယ်။ တရုတ်-ရုရှား ထာဝရ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဖွဲ့ထားလို့ တသားတည်းလို့ ပြောနိုင်တယ်။
BRICS ဟာ အမေရိကန်နဲ့ အနောက်အုပ်စုကို စီးပွားရေးအရ အံတုဖို့ ဖွဲ့စည်းထားတယ်ဆိုပေမဲ့ အဖွဲ့ကို ဦးဆောင်နေတဲ့ နိုင်ငံတွေဟာ နိုင်ငံရေးစနစ်အရ အမေရိကန်ရဲ့ ဆန့်ကျင်ဘက်တွေပဲဖြစ်တယ်။ အထူးသဖြင့် ခေါင်းကိုင် တရုတ်နဲ့ ရုရှား။ ဒီနေ့ကမ္ဘာမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ဘယ်လောက်အထိ ကြီးမားလာနေတာ အားလုံးမျက်မြင်ပဲဖြစ်တယ်။ ယူကရိန်းစစ်ကြောင့် ရုရှားက အထိနာနေချိန်မှာ ဒီပွဲဟာ တရုတ်နဲ့ အိန္ဒိယရဲ့ ပွဲလည်း ဖြစ်တယ်။ ဒီနှစ်အတွင်း အဖွဲ့ဝင်သစ် ဖြစ်လာတဲ့ အီရန်က ရုရှားရဲ့ မဟာမိတ်ဖြစ်ပြီး မိတ်ဖက်အဖွဲ့ဝင်တွေဖြစ်လာတဲ့ ဘီလာရုစ်၊ ဘိုလီဗီးယားတို့က အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင်နေတဲ့ အာဏာရှင်နိုင်ငံတွေပါ။
ထူးခြားမှုတခုက တူရကီပါပဲ။ တူရကီက ဥရောပနိုင်ငံများမဟာမိတ် (နေတိုး) အဖွဲ့မှာ အဖွဲ့ဝင် လျှောက်ထားသလို အခု BRICS ထဲမှာလည်း မိတ်ဖက်အဖြစ် ပါဝင်လာတာပဲ။
ပထဝီနိုင်ငံရေးအရ တူရကီဟာ အရှေ့အလယ်ပိုင်းပဋိပက္ခမှာ အမေရိကန်နဲ့ အစ္စရေးကို ဆန့်ကျင်ပြီး ပါလက်စတိုင်းတွေဘက်က ရပ်တည်နေသူပါ။ ဒီ အစည်းအဝေးကျင်းပနေချိန်ဟာ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေချိန်လည်းဖြစ်တယ်။ ဒီအုပ်စုမှာ မိတ်ဖက်နိုင်ငံသစ်အဖြစ် အီရန် ပါဝင်လာတယ်။ အီရန်၊ တရုတ်၊ ရုရှား ပေါင်းစည်းမှုဟာ အမေရိကန်ဒေါ်လာကို အန်တုဖို့ အသစ်ထုတ်ဝေမယ်လို့ ဆိုလာတဲ့ BRICS ငွေစက္ကူထက် ပိုပါတယ်။
ဗလာဒီမာ ပူတင်ဟာ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ထာဝရ သမ္မတနေရာယူထားသူပါ။ ၂၀၀၀ ပြည့်နှစ် မေလကနေ ၂၀၀၈ မေလအထိ တကြိမ်၊ ၂၀၁၂ ကနေ အခု ၂၀၂၄ အထိ တောက်လျှောက် သမ္မတရာထူး ရယူထားတဲ့ ပူတင်ဟာ စတာလင် ပြီးရင် သက်တမ်းအရှည်ဆုံး ရုရှားသမ္မတပဲ ဖြစ်တယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်ကွန်မြူနစ်ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ထာဝရသမ္မတ တာဝန်ထမ်းဆောင်နေသူပါ။ အာဏာရှင်နိုင်ငံအများစု ဦးဆောင်တဲ့ BRICS ဟာ တင်းမာမှုကြီးထွားလာနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ စုဖွဲ့မှုအသစ် တခုအနေနဲ့ ပေါ်ထွက်လာခဲ့တာပါ။ ဝင်ရိုးတခုတည်းကမ္ဘာအဖြစ်ကနေ ဝင်ရိုးပေါင်းစုံ ကမ္ဘာအခင်းအကျင်းကို မြင်တွေ့လာရပြီလို့ ဆိုရမယ်။
ဥရောပနိုင်ငံများ စစ်အုပ်စု (NATO) က မြောက်ကိုးရီးယားတပ်တွေ ယူကရိန်းနိုင်ငံထဲ ရောက်နေပြီ။ ရုရှားတပ်များနဲ့အတူ ယူကရိန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေကြပြီလို့ ပြီးခဲ့တဲ့ရက်များက တရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်။ ရုရှားက မသိချင်ယောင်ဆောင်နေပြီး တရုတ်က ဒီကိစ္စ ရုရှားနဲ့ မြောက်ကိုးရီးယားကိစ္စသာ ဖြစ်တယ်လို့ ဆိုတယ်။ တတိယနိုင်ငံတခုဟာ တခြားသော စစ်မြေပြင်တခုမှာ ပါဝင်တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အနောက်အုပ်စုဘက်က ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်တာ မကြားရဘူး။ ယူကရိန်းက အနောက်အုပ်စု ပံ့ပိုးမှုနဲ့ စစ်တိုက်နေတာ ဖြစ်ပေမဲ့ အနောက်အုပ်စုဘက်က တိုက်ရိုက်ပါဝင်ကူညီတာမျိုးတော့ မရှိဘူး။
အမေရိကန်ဟာ လတ်တလောမှာ ရွေးကောက်ပွဲနဲ့ အလုပ်ရှုပ်နေတယ်။ ကာမာလာ ဟားရစ် အနိုင်ရသည် ဖြစ်စေ၊ ထရမ့်ပ် အနိုင်ရသည်ဖြစ်စေ အမေရိကန်ရဲ့ အခြေခံမူဝါဒက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တဖက်က တက်လာနေတဲ့ အင်အားစုတခုကို တက်လာတဲ့ အမေရိကန်အစိုးရသစ်က တာဝန်ယူရတော့မယ်။ လတ်တလော ကမ္ဘာ့အခင်းအကျင်းမှာ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ၊ ယူကရိန်းစစ်ပွဲက တောက်လောင်နေဆဲ မီးပွားတွေဖြစ်ပြီး ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် အရေးနဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲက တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ မီးစွယ်တွေ ဖြစ်တယ်။
ကမ္ဘာဟာ ဝင်ရိုးတခုတည်းကမ္ဘာအဖြစ်ကနေ ဝင်ရိုးစုံကမ္ဘာအဖြစ် ပြောင်းလဲလာတယ်။ အော်တိုကရက်တွေ အင်အားကောင်းလာတယ်။ လစ်ဘရယ်တွေ အင်အားချည့်နဲ့လာပြီး အီလစ်ဘရယ်တွေ ဖြစ်လာတယ်။ အော်တိုကရက်များနဲ့ စုဖွဲ့ထားတဲ့ BRICS ဟာ လစ်ဘရယ်ကမ္ဘာကို နောက်ကောက်ချနိုင်မလား။ စောင့်ကြည့်ကြရမယ်။
CWM
Ref: BRICS news. CNA/ Reuters/ BBCWorld/ Wiki