Home
နိုင်ငံတကာ
ဆူဒန်တွင် ​ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်စရန် ပြည်သူများ မျှော်လင့်
DVB
·
November 4, 2024
Photo : CCTV, CGTN

ဆူဒန်နိုင်ငံမှာ ပဋိပက္ခတွေကို တနှစ်ကျော်ကြာအောင် ကြုံတွေ့နေရတဲ့ ပြည်သူတွေက အရပ်သားတွေကို ကာကွယ်ဖို့ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်ချက်တွေလုပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲကြဖို့ တောင်းဆိုနေကြပါတယ်။

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ကြား ပြင်းထန်တဲ့ ပဋိပက္ခကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဆူဒန်အရပ်သား ၁၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

မြို့တော် ခါတွန်မ်မှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာပြီး စနေနေ့က နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဆူဒန်ဆရာများကော်မတီ (STC) ရဲ့ ပြောခွင့်ရ ဆာမိအယ်လ်ဘာကီယာက “ကျနော့်အတွက်ကတော့ ပထမအချက်က အပစ်အခတ်ရပ်စဲရေးပါပဲ။ ပြီးတော့ စစ်ပြီးခေတ် အုပ်ချုပ်မှုလိုမျိုး တခြားကိစ္စတွေအကြောင်း ဆွေးနွေးပါတယ်။ ငြိမ်းချမ်းရေးကို ရှာဖွေနေတဲ့ ဆူဒန်ပြည်သူအားလုံး စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေး တွန်းအားပေးဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဆူဒန်မှာ တိုက်ပွဲတွေ အဆုံးသတ်ရေး ပထမဆုံး ပြင်းထန်တဲ့ ကြိုးပမ်းမှုအဖြစ် ၂၀၂၄ ခုနှစ် မေ ၆ ရက်မှာ ဆော်ဒီအာရေဗျနဲ့ အမေရိကန်တို့ ဂျက်ဒါမြို့မှာ ငြိမ်းချမ်းရေးကြိုးပမ်းခဲ့လို့ နောက်ပိုင်းမှာ ဂျက်ဒါ ညှိနှိုင်းရေးပလက်ဖောင်းလို့ လူသိများခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာတော့ စစ်ဘက်အဖွဲ့ ၂ ဖွဲ့ဟာ ဆူဒန်အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဂျက်ဒါ ကတိကဝတ်ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပိုးပေးဖို့ ရေတိုအပစ်အခတ်ရပ်စဲရေးကို ဆောင်ကြဉ်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အလုံးစုံငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့တော့ ပျက်ကွက်ခဲ့တာပါ။

ဆူဒန်အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့ မူဝါဒလမ်းစဉ် အများအပြားရှိပြီး အဓိက ခေါင်းစဉ်တွေက အပစ်အခတ်ရပ်စဲရေးနဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးပါ။

ဒီမူဝါဒလမ်းစဉ်အမျိုးမျိုးက ဆူဒန် အကျပ်အတည်းရဲ့ ရှုပ်ထွေးမှုကို ထင်ဟပ်စေပါတယ်။ လက်ရှိ ဦးစားပေးက ဂျက်ဒါ ကြေညာချက်ကို အကောင်အထည်ဖော်ဖို့ စစ်ဖြစ်နေတဲ့ အင်အားစုတွေကို တွန်းအားပေးတာပါပဲလို့ နိုင်ငံရေးသမား အာမဒ် ဗာဒါက်ရှီတက်ခ်က ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီ ၁၅  ရက်နေ့မှာစတဲ့ ဆူဒန်ပဋိပက္ခကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်း ၂၄,၈၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013