Home
အနုပညာ
အေးချမ်းမေ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ဖျော်ဖြေပွဲ မယ်ရီလန်းတွင် ကျင်းပ
DVB
·
November 3, 2024

နာမည်ကျော်အမျိုးသမီးအဆိုတော် အေးချမ်းမေရဲ့ အသက် ၅၀ ပြည့် မွေးနေ့နဲ့ တော်လှန်ရေးရန်ပုံငွေ ဈေးရောင်းပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

တော်လှန်မွေးနေ့ဖျော်ဖြေပွဲနဲ့ တော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲကို အမေရိကန်နိုင်ငံရောက် မြန်မာ ၃၀၀ လောက် လာရောက်ခဲ့ကြပြီး ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို မြန်မာနိုင်ငံအတွင်းက လိုအပ်တဲ့နေရာတွေမှာလှူဒါန်းသွားမယ်လို့ အေးချမ်းမေက ပြောဆိုထားပါတယ်။

မွေးနေ့ဂီတဖျော်ဖြေပွဲမှာ The Federal Band တေးဂီတအဖွဲ့နဲ့ အတူအဆိုတော် ဖိုးဖန်၊ ရန်ရန်ချန်း၊ ရပ်ဆဲလ်၊  DJ Wine စတဲ့ တခြားသော အနုပညာရှင်တွေကလည်း အားဖြည့်ပါဝင်သီဆိုခဲ့ကြပါတယ်။

အေးချမ်းမေဟာ တစစီကျိုးပဲ့နေတယ်၊ ဘုရားစူး၊ ဇာတ်ဆရာအလိုကျ စတဲ့ နာမည်ကျော် သီချင်းတွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေမှာ ပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်တယောက်ဖြစ်ပြီး အခုထိတိုင် သူ့ရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။ 

‘ပျော်ရွှင်ခြင်းနိုင်ငံ’ ဆိုတဲ့ ပထမဆုံး တကိုယ်တော်တေးစီးရီးနဲ့ စတင်အောင်မြင်ခဲ့ပြီးတဲ့ JV ၁၅၀၀၊ ချစ်သူနားဆင်ဖို့၊ ရင်ခွင်အခန်း၊ ရပ်တန့်လို့မရနိုင် စတဲ့ စီးရီးတွေ ဆက်တိုက် ထွက်ရှိခဲ့ပါတယ်။ 

၁၉၉၄ ခုလောက်ကနေ ၁၉၉၇ ခုကာလအတွင်းက အေးချမ်းမေရဲ့ အောင်မြင်တဲ့ ကာလတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူက အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချ နေထိုင်သွားခဲ့ပါတယ်။

အဲဒီနောက် ဂီတလောကကနေ နှစ်ပေါင်းများစွာ ပျောက်နေခဲ့ကာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းကတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်မှာ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013