Home
သတင်းဓာတ်ပုံ
နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်အထူးပွဲ မယ်ရီလန်းတွင် ပြသ (ဓာတ်ပုံ)
DVB
·
October 13, 2024

နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်အထူးပွဲ မယ်ရီလန်းပြည်နယ်မှာ ပြသခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို ချင်းတွင်း Medical and Humanitarian Network ကို လှူဒါန်းသွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ 

နွေဦးတော်လှန်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ရည်ရွယ်ထားတဲ့ နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်အထူးပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်၊ Howard Community ကောလိပ်၊ Horowitz Center မှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာပါ။ 

နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်ကို ဒါရိုက်တာဦးသက်ဝင်းက ဦးဆောင်စီစဉ် တင်ဆက်ခဲ့တာဖြစ်ပြီး ကမ္ဘာတဝန်းနိုင်ငံတွေမှာပြသပြီး နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရရှိအောင် ကြိုးစားနေတာဖြစ်ပါတယ်။ 

ဂီတပြဇာတ်ရုပ်ရှင်မှာ ကဗျာ၊ မြန်မာ့ရိုးရာဂီတအက၊ အနောက်တိုင်းရိုးရာဂီတအကတွေကို ပေါင်းစပ်ထည့်သွင်းထားပြီး မြေပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ လူငယ်တွေရဲ့အတွေ့အကြုံတွေနဲ့သ တင်းအချက်အလက်တွေကိုပေါင်းစပ်ထားတာပါ။

ဝါရင့်သရုပ်ဆောင် အကယ်ဒမီမေဝင်းမောင်က  “စိတ်မကောင်းဘူး၊ မြန်မာပြည်သူပြည်သားတွေ ခံစားနေရတဲ့ဒုက္ခအဝဝကို ကိုယ်ချင်းစာမိတယ်။ ကိုယ်သာ အဲ့ဒီနေရာမှာဆို ဘယ်လိုနေမလဲ လူတိုင်း စဉ်းစားကြည့်ကြပေါ့နော်။ တခါတည်း အိုးမဲ့အိမ်မဲ့နဲ့ အိမ်ရှိတဲ့ဘဝကနေ အိမ်မရှိတဲ့ဘဝ ရောက်ရတယ်။ မိသားစုတွေကလည်း အကောင်းကြီးကနေပြီးတော့ ဆုံးပါးသွားကြတယ်၊ အမျိုးမျိုးပေါ့နော်။ လူတွေ ခံစားနေရတဲ့ဒုက္ခအဝဝ ကျမတို့ကြည့်ရင်း စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်ကတော့ တကယ် ဘယ်လိုပဲခံစားရပါတယ် ပြောပြော သူတို့ဒုက္ခလောက်တော့ ကျမတို့ လက်တွေ့ခံစားရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ချင်းစာတယ်၊ ကူညီချင်တယ်၊ ဒါကြောင့်မို့လည်း ကျမတို့တွေ ဒီလိုမျိုးလေးတွေ ကူညီတာပါ” လို့ ပြောပါတယ်။

ရုပ်ရှင်ပြပွဲကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့လည်း တက်ရောက်ခဲ့ပြီး ပြည်သူတွေရဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်မှာ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမေဝင်းမောင်နဲ့အတူ လူငယ်အနုပညာသမားတွေကို ပေါင်းစပ်အသုံးပြုထားတာဖြစ်ပြီး ဂီတပြဇာတ်ကိုမှ ရုပ်ရှင်အသွင် ပြောင်းလဲတင်ပြရတာဖြစ်တဲ့အတွက် အခက်အခဲအများကြီးရှိခဲ့တယ်လို့ နေသာသောနေ့ ဒါရိုက်တာ ဦးသက်ဝင်းက ပြောပါတယ်။

“တေးဂီတပြဇာတ်တခုအနေနဲ့ တင်ပြဖြစ်ခဲ့တဲ့အချက်ကတော့ စပြီးတော့ ခွင်ချကတည်းက နိုင်ငံခြားမှာတင်ပြနေသော်လည်း မြန်မာမှုရှိရမယ်ဆိုတာ ကျနော်ပြချင်တယ်။ အဲ့ဒီတော့ မြန်မာမှုဆိုတဲ့အထဲမှာ အသံပါတယ်၊ ပြီးတော့ အရုပ်၊ အရုပ်ဆိုတာ လူတွေ သရုပ်ဆောင်ရုံတင်မကသေးဘူး၊ အနောက်ခံကားချပ်တွေ အကုန်လုံးကို ကျနော်တို့ မြန်မာမှု ရိုးရာဘက်ကို မသွားဘဲနဲ့ မော်ဒန်ဘက်ကို လှည့်ပြီးတော့ အဲဒီမော်ဒန် Art နဲ့ ရိုးရာနဲ့၊ မြန်မာ့အရိပ်အငွေ့ အဲဒါပေါ်အောင် ကျနော်တို့ တင်ပြချင်တဲ့ဆန္ဒရှိတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း တေးဂီတကို အရမ်းဝါသနာပါတော့ အဲဒါရဲ့လွှမ်းမိုးမှုကလည်း ရှိပါတယ်၊ အဲ့ဒီသဘောပါ။”

နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်ကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ကောင်စီရဲ့ အဆိုးရွားဆုံး ဖိအားပေး တိုက်ခိုက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးတဲ့နေရာမှာ ပြန်လည်လှူဒါန်းသွားမယ်လို့ တေးဂီတရုပ်ရှင်ပြပွဲစီစဉ်သူ ဒေါက်တာရူပါမောင်က ပြောပါတယ်။

“ဒီကရတဲ့ရန်ပုံငွေတွေကို ချင်းတွင်း Medical and Humanitarian Network ကို လှူပါမယ်။ ချင်းတွင်း Medical and Humanitarian Network ဆိုတာက မြန်မာပြည်မှာ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖိနှိပ်ခံထားရတဲ့ စစ်ကိုင်း၊ ချင်းတွင်းဘက်က IDP တွေ၊ တော်လှန်ရေးသမားတွေလည်း ပါတာပေါ့နော်။ အားလုံးကို သူတို့က ဆေးကုသပေးတယ်၊ ဆေးရုံတွေ ဆေးခန်းတွေ ဖွင့်ပေးတယ်၊ စာသင်ပေးတာရှိတယ်၊ ခြေတုလက်တု ပြန်ပြီးတော့ တပ်ပေးတာတွေရှိပါတယ်။ နောက်ပြီးတော့ သူတို့က US မှာလည်း 501C3 အကျိုးအမြတ်မယူတဲ့ မှတ်ပုံတင် ဖြစ်ပါတယ်။ ဆိုတော့ အဲဒီကိုပို့မယ်လို့ ကျမရည်ရွယ်ပါတယ်။ အထူးသဖြင့် အခု ကျမတို့ ပွဲကျင်းပတဲ့နေရာပေါ့နော် Howard Community ကောလိပ်က ကျမ လျှောက်လွှာတင်ရပါတယ်။ ဘယ်အဖွဲ့အစည်းကို ပေးမှာလဲ၊ ရန်ပုံငွေရှာတာဆိုရင် အလှူငွေကို ဘယ်သွားမှာလဲဆိုတာ လျှောက်လွှာတင်ရတဲ့အတွက် အားလုံးနဲ့ အဆင်ပြေမယ့် ချင်းတွင်း Medical and Humanitarian Network ကို ကျမရွေးလိုက်တာပါ။"

အဆိုတော်၊ သရုပ်ဆောင် ဇယံဓ က “အသိစိတ်ဓာတ်နဲ့ပေါ့နော်၊ ကျနော်တို့ အကုန်လုံး ကြိုးစားနေပါတယ်။ အားလုံးလည်း တစုတစည်းတည်း စည်းလုံးညီညွတ်စွာနဲ့ တိုက်မှသာ ကျနော်တို့ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အားလုံး ဇွဲမလျှော့နဲ့၊ အရှုံးမပေးနဲ့၊ ကျနော်တို့ တနေ့ အမြန်ရောက်လာတော့မှာပါလို့ နေသာတဲ့နေ့တနေ့” လို့ ပြောပါတယ်။

နေသာတဲ့နေ့ ဂီတပြဇာတ်ရုပ်ရှင်မှာ မြေပြင်က သတင်းအချက်အလက်မှန်တွေကို ထည့်သွင်းအသုံးပြုထားပြီး တော်လှန်ရေးလူငယ်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက သိအောင် မီးမောင်းထိုးပြနိုင်ဖို့ ရည်ရွယ်တယ်လို့ ရုပ်ရှင်ဖန်တီးသူတွေက ပြောပါတယ်။ နိုင်ငံတကာရေးရာရှုပ်ထွေးမှုတွေအကြားမှာ မြန်မာ့အရေးကို နိုင်ငံတကာက စိတ်ဝင်စားမှု လျော့ကျနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိတာ နည်းပါးနေတဲ့ ပြည်သူတွေအတွက် တဖက်တလမ်းက ထောက်ပံ့နိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013