Home
အနုပညာ
မန္တလေးPDFများကို ရိက္ခာ၊ ဆေးဝါးနှင့်ရေ ထောက်ပို့ရန် မယ်ရီလန်းတွင် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပ
DVB
·
May 5, 2024
MaryLandPwe_05052024

မန္တလေး PDF တွေကို ရိက္ခာ၊ ဆေးဝါးနဲ့ရေ ထောက်ပို့ဖို့ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ရိုးရာယဉ်ကျေးမှုအကနဲ့ ဂီတဖျော်ဖြေပွဲကျင်းပခဲ့ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်တင်နေတဲ့ မန္တလေးတိုင်းက PDF တွေရဲ့ ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အမေရိကန်နိုင်ငံရောက် မြန်မာတွေက ရန်ပုံငွေရှာဖွေနေတာပါ။ 

ဒေသစံတော်ချိန် မေ ၄ ရက်က အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Germantown၊ Roberto W. Clemente Middle School မှာ ပြုလုပ်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှုအကနဲ့ ဂီတဖျော်ဖြေပွဲကနေ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိခဲ့ပြီး အားလုံးကို PDF တွေဆီ တိုက်ရိုက်ပေးပို့ လှူဒါန်းမယ်လို့ ပွဲစီစဉ်သူ မခင်အေးမြင့်က ပြောပါတယ်။

“အထက်မြန်မာပြည် မန္တလေးတိုင်းမှာရှိနေတဲ့ PDF ကလေးတွေ လိုအပ်နေတဲ့ ရေ၊ ရိက္ခာ၊ ဆေးဝါး၊ ဓာတ်ဆား အဲ့ဒီအတွက်ကို ဒီအခု တော်လှန်ရေးရန်ပုံငွေထဲက ဈေးရောင်းပွဲမှာ ရရှိတဲ့ အလှူငွေတွေ၊ လက်မှတ်တွေ၊ ကံစမ်းမဲတွေ ရောင်းရတဲ့ အလှူငွေတွေအားလုံးကို မန္တလေးတိုင်း PDF တွေကို သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တော်လှန်ရေးရန်ပုံငွေရှာရခြင်းဖြစ်ပါတယ်။"

ရန်ပုံငွေပွဲမှာ ဘတ်ဖဲလိုးမြို့၊ ဖို့ဝိန်းမြို့၊ နော့သ်ကယ်ရိုလိုင်းနား၊ နော့သ်ဗာဂျီးနီးယား၊ ဖီလာဒဲဖီးယားနဲ့ မယ်ရီလန်းပြည်နယ်က မြန်မာလူငယ်တွေက ရိုးရာယဉ်ကျေးမှုအကတွေနဲ့ ဖျော်ဖြေခဲ့တာပါ။ 

ပြည်ပကိုရောက်ရှိနေပေမဲ့ ဇာတိနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့အစဉ်အလာတွေကို မမေ့ပျောက်အောင် လူငယ်တွေအချင်းချင်း လက်ဆင့်ကမ်းနေတယ်လို့ ဖျော်ဖြေပွဲမှာ ပါဝင်တဲ့ လူငယ်တယောက်ကပြောပါတယ်။

“German Town မှာပြုလုပ်တဲ့ပွဲမှာ ပါဝင်ဖြစ်တာက မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေကို မြန်မာအသိုက်အဝန်းက လူငယ်တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့ ဖြစ်ပါတယ်၊ ဒီနေ့ဖျော်ဖြေဖြစ်တာ။ အစားအသောက်တွေ ရောင်းချတာက မြန်မာပြည်ကို ကူညီဖို့ အခွင့်အရေးကောင်းပဲဖြစ်ပါတယ်။”

မန္တလေးတိုင်းမှာ တော်လှန်ရေးအင်အားစုတွေက စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင်မြို့အနီး ဝန်းကျင်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလဆန်းပိုင်းမှာတကြိမ်၊ ဧပြီ ဒုတိယပတ်မှာတကြိမ် ပြင်ဦးလွင်မြို့အနီး စစ်ကောင်စီစခန်းကုန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေတာပါ။ 

စစ်ကောင်စီရဲ့ ပြန်လည်ဖိအားပေးတိုက်ခိုက်မှုတွေကြောင့် PDF တွေဘက်က လိုအပ်တဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေကို ထောက်ပံ့နိုင်ဖို့ ပြည်ပရောက်မြန်မာတွေက ရန်ပုံငွေရှာဖွေနေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013