
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အောက်တိုဘာ ၃၁ ရက်နေ့ ညဦးပိုင်းက ရည်းစားနဲ့ချိန်းတွေဖို့လာတဲ့ ရဲတပ်ဖွဲ့ဝင် နယ်ထိန်း ၁ ယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ တောင်သာ ပကဖ ဆီကနေ သိရပါတယ်။
တောင်သာ ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဒီမြို့နယ်ထဲက သူ့ကောင်မလေးရှိတဲ့ရွာကို ချိန်းတွေ့ဖို့ထွက်သွားတယ်ဆိုတာသတင်းရလို့ ကြိုစောင့်ခဲ့တာပါ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူကပြန်ခုခံပြီးထွက်ပြေးခဲ့တာကြောင့် ပစ်ခတ် ဖမ်းဆီးရင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင်ဟာ တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းက နယ်ထိန်းတာဝန်ယူထားတဲ့ ရဲတပ်သား မောင်ချမ်း (ခေါ်) အရှည်ကြီး ဖြစ်ပြီး လက်နက်ခဲယမ်းတွေတော့ သိမ်းဆည်းရရှိခဲ့တာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီပစ်ခတ်ဖမ်းဆီးမှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းကလည်း ရုံးစည်ကြီးနယ်မြေရဲစခန်းအနီး မိတ္ထီလာ-တောင်သာလမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဆိုင်ကယ်ကယ်ရီသမား ကိုမောင်မြင့်နဲ့အတူ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။
တောင်သာ ပကဖ ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ဘက်က မိတ္ထီလာ-တောင်သာ လမ်းပိုင်းပေါ်က စစ်ဆေးရေးဂိတ်ကိုပစ်ခတ်ပြီး သတင်းထုတ်တဲ့အခါမှာ သေဆုံးသွားတဲ့ ဆိုင်ကယ်ကယ်ရီသမား ကိုမောင်မြင့်ကို ရဲသတင်းပေးလို့ အဆောတလျင် မှားယွင်း ထုတ်ပြန်ခဲ့မိပါတယ်။ ဒါကြောင့်မို့ သူနဲ့သက်ဆိုင်တဲ့မိသားစုဝင်တွေနဲ့ ပြည်သူလူထုကိုလည်း အနူးအညွတ်တောင်းပန်လိုပါတယ်။ တကယ့်မြေပြင်အခြေအနေကို သေချာစုံစမ်းပြီးတဲ့အခါ ကိုမောင်မြင့်ဟာ ဂိတ်ထဲက ရဲတွေပြန်ပစ်လိုက်ကျည်က နောက်စေ့ကိုမှန်ပြီး ဆုံးသွားခဲ့ရတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ နေ့ကစတင်ခဲ့တဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။