မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ၂ နိုင်ငံရဲ့ အဖွဲ့အစည်းအသီးသီးက စက်မှု-အီလက်ထရွန်းနစ် အသေးစား ဂတ်ဂျက်ထုတ်ကုန်တွေကို ပြပွဲခင်းကျင်းပြသခဲ့ပြီးနောက်မှာ ပြုံယမ်းမှာ ကျင်းပနေတဲ့ နည်းပညာထုတ်ကုန်များ ပူးတွဲပြပွဲကို ပိတ်သိမ်းခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
၂ နိုင်ငံခေါင်းဆောင်တွေဟာ ဇွန်လမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုပြီးကတည်းက ရုရှားနဲ့ မြောက်ကိုရီးယားကြားက ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြားမှာ အဲဒီပြပွဲကို ကျင်းပခဲ့တာပါ။
ယူကရိန်းစစ်ပွဲအတွက်လည်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ရုရှားနိုင်ငံဆီ စေလွှတ်ထားပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟွီလည်း မော်စကိုကို လာရောက်နေတာပါ။
အခုသီတင်းပတ် အစောပိုင်းက ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပြီး မြောက်ကိုရီးယားနဲ့ ရုရှားလူမျိုးတွေဟာ အမျိုးမျိုးသော ပြခန်းတွေကို လာရောက်လည်ပတ်ကြပြီးတော့ မိုဘိုင်းလ်ဖုန်းတွေကို စမ်းသပ်နေကြပုံတွေကို ပြသခဲ့ပါတယ်။
၂ နိုင်ငံက အဆင့်မြင့်ကုမ္ပဏီတွေဟာ အောင်မြင်မှုတွေနဲ့ အတွေ့အကြုံတွေကို မျှဝေခံစားကြခြင်းဆိုတဲ့ ပြပွဲအတွင်း မိုဘိုင်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် လုံခြုံရေး စတဲ့ ခေါင်းစဉ်တွေနဲ့ တင်ဆက်မှုတွေကို ကျင်းပခဲ့ပြီး အမျိုးမျိုးသော ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်တွေမှာလည်း တိုးတက်မှုရှိခဲ့ကြောင်း KCNA က ဖတ်ကြားသွားပြီး အသေးစိတ်တွေကို ပြောမသွားပါဘူး။
Source-Reuters