Home
နိုင်ငံတကာ
ယူကရိန်း အထပ်မြင့်တိုက်ခန်းကို ရုရှားဗုံးထိမှန်ပြီး ကလေး ၁ ဦးသေဆုံး၊ ၂၉ ဦး ဒဏ်ရာရ
DVB
·
October 31, 2024
Photo-Reuters

ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက အထပ်မြင့်တိုက်ခန်းတခန်းကို ရုရှားပဲ့ထိန်းဗုံးတလုံး ထိမှန်ပေါက်ကွဲခဲ့လို့ ကလေးငယ် တယောက် သေဆုံးပြီး ကလေး ၂ ယောက် အပါအဝင် အနည်းဆုံး လူ ၂၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်သူက ခါကိဗ်ကို အနည်းဆုံး ပဲ့ထိန်းလေကြောင်းဗုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီထဲက တလုံးက ၉ ထပ်တိုက် အဆောက်အအုံကို ထိမှန်ခဲ့တာလို့ ခါကိဗ်ဒေသအုပ်ချုပ်ရေးမှူး အိုလေး ဆင်နီဟူဘော့ဗ်က ပြောပါတယ်။ အဆောက်အအုံဟာ မီးလောင်ခဲ့ပြီး ဝင်ပေါက်အများစု ပျက်စီးသွားခဲ့ကြောင်းလည်း ဆိုပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးငယ်ကို အပျက်အစီးတွေအောက်မှာ ဆွဲထုတ်ခဲ့ပေမဲ့ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာတွေနဲ့ အရိုးကျိုးဒဏ်ရာတွေကြောင့် ဆေးဆရာတွေက သူ့ကို မကယ်နိုင်ခဲ့ဘူးလို့ ခါကိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလေး ဆင်နီဟူဘော့ဗ်က ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ လူ ၃ ယောက် ပိတ်မိနေကြောင်းလည်း သူက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒီနယ်မြေကို အကြမ်းဖက်နိုင်ငံက အရင်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်ကောင်က လူအများစု အိမ်မှာနေကြတဲ့အချိန်ကို တမင်ရွေးပြီးတော့ လူနေအဆောက်အအုံတွေကို တိုက်ခိုက်တာလို့ ဆင်နီဟူဘော့ဗ်က ပြောပါတယ်။

ဒီမှာ ဘာစစ်တပ်၊ ဘာစစ်ပစ္စည်းတွေမှ ရှိတာမဟုတ်ဘဲ အရပ်ဘက်သုံး စက်မှုပစ္စည်းတွေတောင် မရှိဘူးလို့လည်း ဆိုပါတယ်။

“လူနေအဆောက်အအုံတွေကို တိုက်ခိုက်ခံရခြင်းရဲ့ နောက်ကွယ်မှာ ယုတ္တိမရှိဘူး၊ တိုက်ခိုက်မှုတွေဟာ စစ်ရေးတန်ဖိုး မရှိပါဘူး” လို့ ခါကိဗ် တိုင်းဒေသကြီး ရဲဌာန အကြီးအကဲ ဗိုလိုဒီမီယာ တိုင်မော့ရှ်ကိုက ပြောပါတယ်။

ခါကိဗ်မြို့တော်ဟာ စစ်ပွဲကာလ အစပိုင်းကတည်းက ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏခံရတဲ့ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013