ရုရှားဟာ ဗျူဟာမြောက် နျူကလီးယား လက်နက်ပစ်ခတ်လေ့ကျင့်တာကို အင်္ဂါနေ့က အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီး ဒုံးကျည်အားလုံး ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးကို ကိုးကားပြီး CCTV သတင်းဌာနက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ပဲ့ထိန်းဒုံးကျည်ကို လက်တွေ့ ပစ်ခတ်စမ်းသပ်တာလည်း ပါဝင်တဲ့ ဒီလေ့ကျင့်မှုကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ရုပ်သံကနေ ကြီးကြပ်ခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော် ကရင်မလင်က ပြောပါတယ်။
လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်အားလုံး ပြီးမြောက်ခဲ့ပြီး ဒုံးကျည်အားလုံးက ပစ်မှတ်ကို ထိမှန်ခဲ့တဲ့အပြင် သူတို့ရဲ့ သီးခြား စရိုက်လက္ခဏာတွေကို စမ်းသပ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားဟာ လက်နက်ပြိုင်ပွဲကို ဝင်ပြိုင်နေမှာ မဟုတ်ပေမဲ့ နျူကလီးယား လက်နက်တွေကို သုံးတာဟာ နိုင်ငံလုံခြုံရေး သေချာစေဖို့ အစွန်းရောက် ခြွင်းချက် အရေးယူ ဆောင်ရွက်ချက် ဖြစ်လာမယ်လို့ ပူတင်က ပြောပါတယ်။
တိုက်ခိုက်ရေးမှာ သုံးဖို့ အမြဲအဆင်သင့်ဖြစ်နေဖို့ ခေတ်မီဗျူဟာမြောက်တပ်တွေ ရှိဖို့ အရေးကြီးတယ်လို့လည်း ပူတင်က ပြောပါတယ်။
လေ့ကျင့်နေချိန်မှာပဲ ရုရှားစစ်တပ်ဟာ နိုင်ငံ အနောက်မြောက်ပိုင်း ကမ်ချက်ကာ ဒေသမှာရှိတဲ့ ပလီစီယက်စ်ခ် အာကာသဌာနကနေ ယာစ်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစီကို ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
ရုရှားရေငုပ်သင်္ဘောတွေကလည်း စင်ညယ်ဗာနဲ့ ဘူလာဗာ ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်လေ့ကျင့်ခဲ့ပြီး ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကတော့ ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ် လေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားတပ်တွေ ရုရှားကို စေလွှတ်တပ်ချခြင်း အပါအဝင် ပြုံယမ်းနဲ့ မော်စကို အကြား တရားမဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲတုံ့ပြန်ရေးအတွက် မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတ ယွန်းရဲ့ ရုံးခန်းက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ဟာ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားရဲ့ လက်နက်လွှဲပြောင်းမှုနဲ့ တပ်အင်အား ဖြန့်ကျက်မှုကို သူတို့ရဲ့ အပြင်းထန်ဆုံး ဘာသာစကားနဲ့ ရှုတ်ချလိုက်ကြောင်း သမ္မတ ယွန်းရဲ့ ရုံးခန်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ရုရှားနိုင်ငံ အရှေ့ပိုင်းဆီ လေ့ကျင့်ရေးလုပ်ဖို့ စေလွှတ်ခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်မှာ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်မှာ စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်အင်အား ၃,၀၀၀ ကနေ အရေအတွက် တက်လာခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဇွန်လတုန်းက သူ လက်မှတ်ရေးထိုးခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ မိတ်ဖက်သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့က ရုရှားရဲ့ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဲဒီစာချုပ်အရ သူတို့ထဲက တယောက်ယောက် တိုက်ခိုက်ခံရရင် အပြန်အလှန် ပံ့ပိုးကူညီကြဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
Source-Reuters